ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မတ် ၂ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဒေသခံ နှစ် ဦးကို ပေါ်တာဆွဲဖမ်းဆီးလာသည့် စစ်ကော်မရှင်အဖွဲ့ကို ပြည်ခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ-၄ နှင့် တပ်ခွဲ-၅ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းသည်ဟု အကြောင်းပြကာ ကုန်းဆင်းရွာတွင်ရောက်နေသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကော်မရှင်တပ်သည် ဒေသခံ နှစ် ဦးကို အဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီး ပြီးနောက် ခမရ-၁၀ တပ်တွင်းပို့ရန် တပ်ထဲမှဆိုင်ကယ် ငါး စီးပါတပ်ဖွဲ့ဖြင့် လာရောက်ခေါ်ယူပြီး အပြန်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်း‌ဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ကောင်တွေ(စစ်ကော်မရှင်တပ်) က နယ်မြေရှင်းလင်းရေးလုပ်တာ မဟုတ်ဘဲနဲ့ အနီးအနားရွာက ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတာပေါ့။ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ နှစ် ဦးကိုလာခေါ်တာ။ ကျွန်တော်တို့ကအပြန်မှာ မိုင်း‌ဆွဲတိုက်ခိုက်လိုက်တာ။ ရှေ့မှာပေါ်တာဆွဲခံလာရတဲ့ ကလေးတွေပါတဲ့ ဆိုင်ကယ်ကလွတ်တယ်။ နောက်ကဆိုင်ကယ်ကထိတာ” ဟု ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်း ရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow ကဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်း‌ဆွဲတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့များစီးလာသည့် ‌ဆိုင်ကယ်နှစ်စီးထိမှန်ပျက်စီးခဲ့ပြီး တပ်သား တစ်ဦးမှာ ချောက်ထဲကျစဉ် ရရှိခဲ့သည့်ဒဏ်ရာဖြင့် ရွှေတောင်စစ်ဆေးရုံတွင် သေဆုံးသွားကာ ကျန်တပ်သားတစ်ဦးမှာ ‌ပေါင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်စစ်ကြောင်းမှာ ကုန်းဆင်းရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်စွဲထား ပြီး ညဘက်တွင် အနီးအနားရွာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုများ ပြုလုပ် နေကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)