ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ ယနေ့မတ်လ ၂ ရက်၊ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံက သိရသည်။
စစ်ကော်မရှင်က ယနေ့ကျရောက်သော ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းနေ့ (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာ၌ ထိုသူများ ပါဝင်လာပြီး မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသော ဒေါက်တာမျိုးအောင်သည် ယခင် NLD အစိုးရလက်ထက်၌ နေပြည်တော်ကောင်စီ ဥက္ကဌဖြစ်ပြီး ဦးမင်းသူမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဖြစ်ကာ စစ်ကော်မရှင်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“စစ်ကော်မရှင်ရဲ့ အမိန့်တွေအရဆိုရင် မလွတ်နိုင်ဘူး။ သူတို့ကိုအဂတိအမှုတွေနဲ့ မတရားစွပ်စွဲထားတာ။ အခုကြားရသလောက်တော့ လူပုဂ္ဂိုလ်တွေကို သီးသန့်လွှတ်ပေးဖို့ အမိန့်ထွက်လာတာလို့ သိရပါတယ်” ဟု နိုင်ကျဉ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့နောက် ၎င်းတို့နှစ်ဦးအား အဂတိလိုက်စားမှုအပါအဝင် မတရားသော ပုဒ်မများတပ်ကာ အာဏာသိမ်း စစ်ကော်မရှင်က နှစ်ရှည်ထောင်ဒဏ်များဖြင့် ချမှတ်စွပ်စွဲထားရာမှ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
နေပြည်တော်ဒုမြို့တော်ဝန်လည်းဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးသည် ယခုသတင်းဖော်ပြချိန်အထိ ရမည်းသင်းထောင်အတွင်းမှာသာရှိသေးကြောင်း သိရသည်။