နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်များကို ချန်လှပ်၍ မတရားသဖြင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၇၀၀၀ ကျော်အား လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း ထုတ်ပြန်လာသည်။

 

နိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် မတရားပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၇၃၃၇ ဦးကို ယနေ့ မတ် ၂ ရက်၌ ကျရောက်သည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းနေ့ (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်က ထိုသို့ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်‌ကြောင်း သိရသည်။

 

“နိိုင်ကျဉ်းတွေ လွတ်မြောက်လာမှုရှိတာ တွေ့ရပါတယ်။ စစ်တပ်ပြောထားတဲ့ ၇၀၀၀ ကျော်အရေအတွက် တကယ်လွတ်လာခြင်း ရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်ရမယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ နိုင်ကျဉ်းများသည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) ဖြင့် မတရားဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံနေသူ ၇,၃၃၇ ဦးတို့ဖြစ်ပြီး နိုင်ငံရေးပုဒ်မ မဟုတ်သော အခြားအကျဉ်းသား/အကျဉ်းသူများကိုလည်း လွတ်ငြိမ်းပေးလိုက်ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကော်မရှင်က အမိန့်အမှတ် ၅၊ ၆၊ ၇၊ ၈ နှင့် ၉ ဟူ၍ ထုတ်ပြန်ရာ၌ ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခြင်း၊ နိုင်ငံခြားသား ၁၀ ဦးအား လွတ်ငြိမ်းခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် အမှုရင်ဆိုင်နေရသူ ၁၂,၀၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

 

သို့သော် အမိန့်အမှတ် ၅/၂၀၂၆ တွင် ပြစ်ဒဏ်လျှော့ပေါ့ပေးရာ၌ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူအများစု ငြိစွန်းနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့် အရေးကြီးပုဒ်မများ မပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းကဲ့သို့လွှတ်ပေးရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ခြွင်းချက်ဖြင့်သာ ပြစ်ဒဏ်များလျှော့ပေါ့ လွှတ်ပေးခြင်းဖြစ်သည်။

 

၎င်းတို့အနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါလျှင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ပေါင်းစည်း၍ ဆက်လက်ကျခံရမည်ဟူသော ခံဝန်စည်းကမ်း သတ်မှတ်များကိုလည်း အာဏာသိမ်း စစ်ကော်မရှင်က ထည့်သွင်းဖော်ပြထားသည်။

 

ထို့အတူ စစ်ကော်မရှင်သည် ၅၀(ည) နှင့် ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသူ ၁၂,၄၈၇ ဦးကို အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်