ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

သိုလှောင်ထားတဲ့ သို့မဟုတ် ပစ်လွှတ်ဖို့ ပြင်ဆင်ထားတဲ့ အီရန်ဒုံးကျည်တွေကို ကာကွယ်ရေးရည် ရွယ်ချက်နဲ့ အမေရိကန်ဘက်က တောင်းဆိုလာတဲ့ ဗြိတိန်စစ်ဘက်စခန်း အသုံးပြုခွင့်ကို လက်ခံလိုက်ပြီ လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

“ဗြိတိန်စခန်းတွေ အသုံးပြုခွင့်ပေးဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။ အီရန်ဘက်က ဒေသ တစ်လျှောက် ဒုံးကျည်ပစ်ခတ်မှု မဖြစ်ပေါ်စေရန် ကာကွယ်ဖို့ ဒီတောင်းဆိုချက်ကို လက်ခံဆုံးဖြတ်ခဲ့တာ ပါ” လို့ စတန်မာက လူမှုကွန်ရက် X ပေါ်တင်ထားတဲ့ ဗီဒီယိုမက်ဆေ့ခ်ျမှာ ပြောပါတယ်။

စနေနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်–အစ္စရေး ပူးတွဲလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဗြိတိန် မပါဝင်ခဲ့ဘူးလို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုလှိုင်းတွေမှာလည်း ဗြိတိန် ပါဝင်သွားမှာ မဟုတ်ဘူး လို့ ၎င်းက အတည်ပြုခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်–အစ္စရေး လေကြောင်းတိုက်ခိုက်ချက်ကို တုံ့ပြန်ဖို့ ဒေသအနှံ့ တိုက်ခိုက်မှု တွေစတင်ပြီး ဗြိတိန်နိုင်ငံသားများနေရပ်ရာဖြစ်တဲ့ လေဆိပ်တွေ၊ ဟိုတယ်တွေကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

“ဗြိတိန်အနေနဲ့ အီရန်ကို တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ မပါဝင်ဘူးဆိုတဲ့ ဆုံးဖြတ် ချက်ဟာ ရည်ရွယ်ချက်ရှိရှိ ချမှတ်ခဲ့တာပါ။ ဒေသအတွက်ရော ကမ္ဘာအတွက်ပါ အကောင်းဆုံးနည်းလမ်း ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်ရယူတာဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီလို သဘောတူညီချက်ထဲမှာ အီရန်ဘက်က နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းချက်တွေ ကို စွန့်လွှတ်ဖို့ သဘောတူရမှာပါ” လို့ သူက ပြောပါတယ်။

“အီရန်ဘက်က မည်သို့ပင်ဖြစ်စေ ဗြိတိန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်နေဆဲဖြစ်ပြီး ဗြိတိန် နိုင်ငံသားတွေကို အလွန်ကြီးမားတဲ့ အန္တရာယ်အောက် ဖြစ်စေပါတယ်” လို့ စတန်မာက ဆိုပါတယ်။

မိတ်ဖက်နိုင်ငံတွေကလည်း ကာကွယ်ရေးပိုင်းအတွက် ပိုမိုကူညီဆောင်ရွက်ပေးဖို့ ဗြိတိန်ကို တောင်းဆိုထားကြောင်း၊ ဗြိတိန်နိုင်ငံသားများရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ သူ့တာဝန်ဖြစ်တယ်လို့လည်း စတန်မာက ဆက်ပြောပါတယ်။

ဗြိတိန် တိုက်လေယာဉ်တွေဟာ ပူးပေါင်းကာကွယ်ရေး လှုပ်ရှားမှုတွေထဲမှာ ပါဝင်နေပြီး အီရန် ဘက်က လွှတ်ပစ်တဲ့ တိုက်ခိုက်မှုအချို့ကိုလည်း တားဆီးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အန္တရာယ်ကို အဆုံးသတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ သိုလှောင်ရုံတွေ သို့မဟုတ် ပစ် လွှတ်စင်တွေမှာ ရှိနေတဲ့ ဒုံးကျည်တွေကို မူလနေရာမှာပင် ဖျက်ဆီးလိုက်ခြင်းသာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ရှည်လျားတဲ့သမိုင်းရှိတဲ့ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေအတွက် စုပေါင်းကိုယ်တိုင်ကာကွယ်ရေး ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီစွာ ဗြိတိန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက်လည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; UK’s Starmer says US can use British bases for defensive strikes against Iran missiles