ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် Artificial Intelligence (AI) နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် လိုအပ်ကြောင်း ရန်ကုန်တက္ကသိုလ် ၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက် သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာ့လယ်ယာကဏ္ဍကို ရိုးရာစိုက်ပျိုးရေးမှ ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် AI အခြေပြုနည်းပညာများကို အသုံးပြုခြင်းဖြင့် ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မည်။ ထို့ပြင် စမတ်ဖုန်း အသုံးပြု၍ သီးနှံဖျက်ပိုးများကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်ခြင်း၊ မိုးလေဝသခန့်မှန်းချက် အပေါ်မူတည်၍ ရေသွင်းခြင်းနှင့် ဆေးဖျန်းခြင်းတို့ကို စနစ်တကျစီမံနိုင်မည်ဖြစ်ကြောင်း၊ လက်ကမ်း စာစောင်များရှိ QR Code များမှတစ်ဆင့် စိုက်ပျိုးရေးဗဟုသုတများ လေ့လာနိုင်ရန် စီစဉ်နေကြောင်း လည်း စစ်ခေါင်းဆောင်က ဆိုသည်။

“မျိုးစေ့ချချိန်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် AI အခြေပြု နည်းပညာများကို အသုံးပြုနိုင်ခြင်းက တောင်သူများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးမည်ဖြစ်သည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားသည်။
သို့သော်လည်း စစ်ခေါင်းဆောင်၏ ယခုကဲ့သို့ ပြောဆိုချက်များသည် မြေပြင်လက်တွေ့အခြေအနေနှင့် များစွာကွာဟလျက်ရှိသည်။
လက်ရှိတွင် စစ်ကော်မရှင် က သတ်မှတ်ထားသည့် စပါးဈေးနှုန်းမှာ နည်းပါးနေပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးကဲ့သို့သော သွင်းအားစုပစ္စည်းဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေခြင်း၊ လောင်စာဆီ ဈေးကြီးမြင့်မှုကြောင့် လယ်ယာသုံးစက်ကိရိယာစရိတ်ကြီးမားခြင်းတို့ကြောင့် တောင်သူများမှာ ထိခိုက်နစ်နာမှုများရှိကြောင်း တောင်သူများထံမှ သိရသည်။
“ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ပိုးရှာဖို့ထက် ဒီနေ့ ဓာတ်မြေဩဇာတစ်အိတ် ဘယ်လောက်ပေးဝယ်နေရလဲ ဆိုတာ သူတို့ သိဖို့ကောင်းတယ်။ အခုက လယ်ထွန်ဖို့၊ ရေသွင်းဖို့ စက်သုံးဆီတောင် အနိုင်နိုင်ဝယ်နေရတဲ့ အခြေအနေ” ဟု ဧရာ၀တီတိုင်းမ်ရှိ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ၂၀၂၇-၂၀၂၈ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း စိုက်ဧရိယာဧက ၆ သိန်းအထိ တိုးချဲ့ရန် ရည်မှန်းထားကြောင်း ပြောဆိုနေသော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် စစ်ရေးတင်းမာမှုများ ကြောင့် စိုက်ပျိုးမြေအများအပြားကို စွန့်ခွာနေရသည်။
စစ်ခေါင်ဆောင်က ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုရန် တိုက်တွန်းနေသော်လည်း စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်း လေကြောင်းမှ ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်နေရခြင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းနှင့် ဖုန်းလိုင်းအခက်အခဲများကြောင့် ဒေသအတော်များများရှိ တောင်သူများမှာ သတင်းအချက်အလက်ရယူရန်ပင် ခက်ခဲလျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်