‎ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

‎‎စစ်ကော်မရှင်အဖွဲ့နှင့် စစ်တပ်၏ သတင်းများကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ ပျံ့နှံ့စေရန်နှင့် တော်လှန်ရေးတပ်ဖွဲ့နှင့် လုပ်ငန်းစဉ်များကို တန်ပြန်သတင်းများဖြန့်ချိရန်အတွက် သတင်းလွှာ (Information sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချီရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

‎လူမှုကွန်ရက်ပေါ်တွင် စစ်ကော်မရှင်အဖွဲ့ နှင့် စစ်တပ်ကို ထိုးနှက်တိုက်ခိုက်မှုများကို သတင်းတု၊ သတင်းမှားအဖြစ် အချိန်နှင့်တပြေးညီ တုန့်ပြန်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို သောင်းကျန်းသူအဖြစ်သတ်မှတ်ကာ နှိမ်နင်းရေးလုပ်ငန်းစဉ်များ ပျံ့နှံ့စေကာ တန်ပြန်သတင်းများဖြန့်ချီရန် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်က ဖွဲ့စည်းထားကြောင်း သိရသည်။

‎အဆိုပါအဖွဲ့၏ ခေါင်းဆောင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ဦးဆောင်ထားပြီး စစ်ဥပဒေချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ပို့/ဆက်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး စသည့် ဌာနများ ပါဝင်သည်။

‎ဒုတိယဝန်ကြီး၊ တွဲဖက်စစ်ဥပဒေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုညွှန်ချုပ်များ၊ ရဲမှူးကြီးနှင့်ဒုရဲချုပ်များပါဝင်သည့် သတင်းလွှာထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချီရေးအဖွဲ့မှာ လုပ်ငန်းစဉ် ခုနှစ်ရပ်ကို အဓိကလုပ်ဆောင်မည်ဟု သိရသည်။

‎နေ့စဉ်သတင်းစာပါ မူဝါဒပိုင်းဆိုင်ရာ အရေးကြီးသတင်းများကို မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ဘာသာစကား လေးမျိုးဖြင့် ပြည်တွင်း၊ပြည်ပ သံရုံးများ၊ စစ်သံရုံးများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရမည်ဖြစ်သည်။

‎စစ်ကော်မရှင်အဖွဲ့နှင့် စစ်တပ်က ‌တိုင်းကျိုးပြည်ပြုဟု ခေါင်းစဉ်တပ်လုပ်ဆောင်ချက်များကို နိုင်ငံတကာနှင့် ပြည်သူထံကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရန် လူမှုကွန်ရက် အသီးသီးမှ နည်းလမ်းမျိုးစုံနှင့်ဖြန့်ရန်၊ စစ်ကော်မရှင်နှင့်ဆန့်ကျင့်သည့်အဖွဲ့အစည်း သတင်းမီဒီယာများမှ ထုတ်ဝေသည့် သတင်းများကို သတင်းတု သတင်းမှားဟုဆိုကာ တုံ့ပြန်ချေဖျက်ရန်၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆန့်ကျင်တိုက်ခိုက်နေသူများကို သတင်းအချက်အလက် စစ်ဆင်ရေးပြုလုပ်ရန်တို့ပါဝင်သည်။

‎ထို့အပြင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်လာစေရန်စိတ်ဓာတ်မြှင့်တင်ရေးသတင်းများရေးသားထုတ်ပြန်ရန်နှင့် ၎င်းတို့လုပ်ဆောင်နေသည့် တိုင်းကျိုးပြည်ပြု ခေါင်းစဉ်တပ်ထားသည့် လုပ်ဆောင်မှုသတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ပြုစုရေးသားခြင်းများကို အဓိကလုပ်ဆောင်သွားရမည်ဖြစ်သည်။

ပုံစာ-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်မျိုးသန့်