
အောင်မြသန်း /ဧရာဝတီတိုင်းမ်
(မြစ်ကြီးနား)၊ စက်တင်ဘာလ ၄ ရက်
ကချင်ပြည်နယ်၊ ဆွမ်ဘရာဘွမ်မြို့နယ်အတွင်း ကြွက်များက စပါးခင်းများကို ဝင်ရောက်ဖျက်စီးနေမှုကြောင့် ဒေသခံများ၏ စပါးခင်းများ ပျက်ဆီးမှုဖြစ်ပေါ်နေကြောင်း သိရသည်။
ကြွက်များ၏ ကိုက်ဖြတ်စားသောက်မှုကြောင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စပါးခင်းအားလုံးပျက်ဆီးနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကြွက်တွေကရှင်းလို့မနိုင်တော့ဘူး။ ကြွက်ဘေးသင့်ပုံစံဖြစ်နေပြီ။ စပါးခင်းတွေအကုန်ဖျက်ဆီးတာလေ။ လာမဲ့နှစ်တော့ ဆန်ရှားပါးတဲ့အခက်ခဲ ရင်ဆိုင်ရတော့မယ်” ဟု တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ၁၉၇၃ ခုနှစ်ကလည်း ကြွက်များ၏ သောင်းကျန်းမှုကြောင့် စစ်တပ်က ကြွက်စစ်ဆင်ရေးအမည်ဖြင့် နှိမ်နင်းခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။
“ခုဆို တောင်ယာမှာရှိတဲ့ စပါးခင်းတွေအကုန်ပျက်စီးကုန်တာလေ။ အဘိုးအဘွားတွေလက်ထက်ကလည်း ခုလိုဖြစ်ဘူးတယ်။ ၁၉၇၃ ခုနှစ်က ခုထပ်ပိုဆိုးတယ်။ ကြွက်စစ်ဆင်ရေးဆိုပြီး စစ်တပ်ကတောင်နှိမ်းနင်းခဲ့ရဘူးတယ်။ ကြွက်တကောင်တကောင်ကို ပိသာချိန် ၁၀နဲ့ချီရှိတယ်။ ခုလိုပဲ တောင်ယာတည်းတွေ လူနေအိမ်တွေကိုပါဖျက်ဆီးလို့ ဆွမ်ဘရာဘွမ်၊ ဘုန်အင်ဘုန်ချမ်၊ ဘုန်ဝမ်၊ အင်ဂျမ်းယမ်၊ မလန်းယမ်၊ ကရွာတွေပါ နေထိုင်ကြတဲ့လူတွေ ထွက်ပြေးကြရတဲ့အထိဖြစ်ခဲ့ဘူးတယ်လို့ အဘိုးအဘွားတွေက ပုံပြင်စံစံပြေားခဲ့ဘူးတယ်လေ။ ခုက လမ်းပန်းဆက်သွယ်မှုကလည်းအရမ်းခက်ခဲတော့ လာမဲ့နှစ်မှာ ဆန်ရှာပါးမှာကျိန်းသေတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဆွမ်ဘရာဘွမ်မြို့နယ်ရှိ ဆွမ်ပီယမ်၊ ဖုန်အင်၊ ဖုန်ချမ်၊ ဖုန်ဝမ်၊ အင်ဂျမ်းယမ် မလမ်းယမ်၊ လုံရှမ်ယမ် စသည့်ကျေးရွာများတွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်ငွေ တစ်သိန်းအထိ ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။