ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။(ပုံဟောင်း)

ဟိန်းစံ၊နိုင်း /ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး စက်တင်ဘာလ ၃ ရက် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ သံဖြူဇရပ်မြို့နယ် စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့ သံဖြူဇရပ်မြို့နယ်၊ဝဲကလိရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) သင်တန်းကျောင်း ကနေ အရာခံ/အကြပ်ကြီး သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ်အကြားမှာ ဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။

” ဒုအရာခံဗိုလ်အပါ ၈ ယောက်လို့သိရတယ်။ သူတို့က သောကြာနေ့က တတက ၄ ကနေ အရာခံ/အကြပ်ကြီးသင်တန်းဆင်းပြီး စနေနေ့က တပ်တွေကိုပြန်တာ။ သူတို့တပ်တွေကိုပြန်ဖို့ စုပြီးကားငှားပြီးပြန်ကြတာ။ ရေးနဲ့သံဖြူဇရပ်အစပ်မှာဖမ်းခံရတာလို့သိရတယ်” လို့ သံဖြူဇရပ်တပ်နယ်အတွင်းက စစ်ဘက်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်သားတွေဟာ ဘယ်တပ် ရင်းတွေကဆိုတာတော့ သီးခြားအတည်မပြုနိုင်သေးဘဲ အခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီတပ်သားတွေဖမ်းဆီးခံရတာမှန်ကန်ပြီး ဘယ်အဖွဲ့ကဖမ်းဆီးတယ်ဆိုတာတော့ သေချာမသိရဘူးလို့ ရေးမြို့နယ်အတွင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

” ဒီကောင်တွေ​ဖမ်းခံလိုက်ရတယ်ဆိုတာမှန်တယ်။ ကျနော်တို့လည်းသတင်းရတယ်။ ကျနော်တို့အဖွဲ့တော့မဟုတ်ဘူး။ အသေးစိတ်တော့မသိဘူး” လို့ ရေးမြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ရေးမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေဘက်ကပါ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးသလို ဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာမသိရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ရေးမြို့အခြေစိုက် ခမရ ၃၄၃ တပ်က ရေးမြို့နယ်အတွင်း အဲ့ဒီစစ်ကောင်စီတပ်သားတွေကိုစစ်ကြောင်းထိုး ရှာဖွေနေတယ်လို့သိရပါတယ်။