ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

 

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစား ယူခဲ့သည့် စစ်ဗိုလ်ချုပ် သုံးဦးသည် ၎င်းတို့၏ မွေးရပ်ဇာတိများ မှနေ၍ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးများဖြစ်သော ဦးသက်ပုံ၊ ဦးကံမြင့်သန်းနှင့် ဦးမျိုးဇော်သိန်း တို့သည် ၎င်းတို့၏ မွေးရပ်ဇာတိများ မှနေ၍ ဝင်ရောက်ရွေးကောက်ခံမည် ဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပရန်ကြောညာပြီးမှသာ အငြိမ်းစားပေးခဲ့သည် ဒုဗိုလ်ချုပ်ကြီးများ ဖြစ်သော ဦးသက်ပုံ (ယခင် ရန်ကုန် တိုင်း အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော် စစ်ဆေးရေးအရာရှိချုပ်) သည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်ပြီး ဦးကံမြင့်သန်း (ယခင် ကပစ အရာရှိချုပ်)သည် ဧရာ၀တီတိုင်း မအူပင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီး ဘ၀မှ အငြိမ်းဒစားယူခဲ့သည့် ဦးမျိုးဇော်သိန်း (ယခင် စစ်ရေးချုပ်)သည် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“သက်ပုံနဲ့ ကံမြင့်သန်းက ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးမှ တပ်ကနေအနားယူခိုင်းလိုက်တာ သူတို့ဇာတိတွေကနေ ဝင်ပြိုင်မယ်။ ကျန်တဲ့စစ်ဗိုလ်တွေက နေပြည်တော်ကောင်စီနယ်မြေကနေ ဝင်ပြိုင်မယ်ကြားတယ်။ လုံခြုံရေးမပေးနိုင်လို့ တခြားနယ်မြေခံ ကိုယ်စားလှယ်စာရင်းတော့ မသိရ သေးဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်ခေါင်းဆောင်၏ ညွှန်ကြားချက်ဖြင့် တပ်မှထွက်ခွာကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းစာရင်းများကို နေရာအချို့တွင် ထုတ်ပြန်လာသော်လည်း မြို့နယ်အများစုတွင် မည်သည့်ကိုယ်စားလှယ်များ ဝင်ပြိုင်မည်ကို သိရှိရခြင်းမရှိသေးပေ။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ကော်မရှင်၏ ဝန်ကြီးချုပ် ဦးညိုစော အပါအဝင် တပ်အတွင်းမှ အရာရှိများကို ကြံ့ခိုင်ရေးပါတီမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းမည့် စာရင်းများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။