ဧရာ၀တီတိုင်းမ်
(တောင်ငူ) အောက်တိုဘာ ၁၃ ရက်

တောင်ငူမြို့ပေါ်တွင် တရားမဝင် ငါးဖမ်းဂိမ်းဟု ခေါ်သည့် ကာစီနို ငွေကြေးလောင်းကစားရုံများ ကို မြို့နယ် နယ်မြေခံရဲနှင့် ဌာနဆိုင်ရာများက ခွင့်ပြုပေးထားကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ တရားမဝင် ငွေကြေးလောင်းကစားရုံများကို တောင်ငူမြို့၏ ရပ်ကွက်တိုင်းလိုလိုတွင် တွေ့နေရ ပြီး လောင်းကစားဝိုင်းသို့ လာရောက်ကစားသူများဖြင့် နေ့စဉ် စည်ကားနေကြောင်း သိရသည်။

တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်တွင် ယင်းကဲ့သို့ တရားမဝင် ငွေကြေးလောင်းကစားရုံ ၅၀ ကျော် အထိရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

” အရင်က တောင်ငူမြို့မှာ ကာစီနို လောင်းကစားဆိုင်တွေ သိပ်မရှိဘူး။ နှစ်ဆိုင်ပဲရှိတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်း ရပ်ကွက်တိုင်းလိုလို လောင်းကစား ဝိုင်းတွေကြီးပဲဖြစ်လာတယ်။ ဖမ်းမယ့်သူလည်း မရှိဘူး။ ဒီအတိုင်းပဲ ပေါ်တင် လုပ်နေကြတာ ” ဟု တောင်ငူမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ငါးဖမ်းဂိမ်းဟု ခေါ်သည့် အဆိုပါ လောင်းကစားရုံများသည် လိုင်စင်ရသကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ကိုင် နေကြပြီး ယင်းလောင်းကစားများကြောင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်လာခဲ့သည်။ တောင်ငူမြို့ပေါ်ရှိ အမျိုးသားတစ်ဦးသည် ငါးဖမ်းဂိမ်း ငွေကြေးလောင်းကစားဝိုင်းတွင် ငွေကြေးများစွာ ရှုံးနိမ့်ပြီး ဆိုင်ကယ် မရွေးနိုင်တော့သည့်အတွက် ပြီးခဲ့သည် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းက မိမိကိုယ်ကိုယ် သတ်သေမှုအထိ ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ နေ့တိုင်းလိုလို သွားဆော့ဖြစ်တယ်။ တစ်ခါတလေတော့နိုင်တယ်။ ရှုံးတာက များတယ်။ Money Game ဆိုင်မှာ အပေါင်ခံမယ့်သူက အဆင်သင့်ရှိနေတော့ ပါလာတဲ့ ဆိုင်ကယ်ပေါင်ထိုးတယ်။ Money Game ကြောင့် လူတွေတော်တော်များများ ဒုက္ခရောက်ကြတယ်။ လင်မယားကွဲသည်အထိ ဖြစ်ကြတယ်” ဟု ကိုယ်တိုင် လောင်းကစား ပြုလုပ်ခဲ့ဖူးသူ တောင်ငူမြို့ခံ လူငယ်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ပုံစာ-ကာစီနို ငွေကြေးလောင်းကစားရုံ တစ်ခုကို တွေ့ရစဉ်။