
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
စစ်ကော်မရှင်က ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်ကို သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို အင်အား အလုံးအရင်းဖြင့် ဆက်လက်စစ် ကြောင်းထိုးလာရာ ယခုအခါတွင် သီပေါမြို့အနီးထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အကျော် လွယ်ခေါ်ကျေးရွာအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က ရောက်ရှိ နေသည့် စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းတွင် သီပေါနှင့် ၈ မိုင်အကွာရှိ ကျင်သီတံတားအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ကျင်သီတံတားနားကို ရောက်နေပြီ။ သီပေါကိုမရောက်ခင် တံတားတစ်ခုထပ်ရှိသေးတယ်။ အဲဒါပြီးရင် ဘော်ကြိုကိုရောက်မှာ။ လမ်းဖွင့်ပေးနေတဲ့သူတွေ အချို့တွေကြောင့်ရယ်၊ အခက်အခဲတွေများကြီးရှိ နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျင်သီတံတားအနီးထိ ရောက်ရှိရန် စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်း တစ်ကြောင်းနှင့် ကျေးရွာချင်းဆက် လမ်းများမှဖောက်ထွက်လာသည့် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းတို့ဖြင့် တပ်ဖြန့်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားသည် နှစ်ဖက်တပ်များအတွက် စစ်ရေးအရအရေးပါပြီး သီပေါမြို့ကို ချီတက်နိုင်ရန် အဓိက အရေးပါသည့်တံတားဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကျောက်မဲမြို့ကို ဝင်ရောက်ထိန်းချုပ် ပြီးနောက် သီပေါမြို့ကို ထိုးစစ်ဆင်ရန် တပ်ဖြန့်ချီတက်လာရာ လွယ်ခေါ်ကျေးရွာအရောက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ၎င်းတို့ ရောက်ရှိနေသည့် လွယ်ခေါ်ရွာကို အောက်တိုဘာ ၅ ရက်နေ့က Y 12 လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ကျောက်မဲရှိကျေးရွာများကိုလည်း လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်
ပုံစာ-သီပေါမြို့အနီးစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်ဖွဲ့၀င်များ။