
ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ အောက်တိုဘာ ၁၁ ရက်
စစ်ကော်မရှင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာ ၉ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပျဉ်းမပင်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ် ငါး ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိခဲ့ကြောင်းသ်ရသည်။
“ဂျက်ဖိုက်တာကြဲတာပါ။ အကြောင်းမဲ့ကြဲ သွားတာပါ။ ရွာထဲကို ကြဲတာလို့သိရတယ်။ အဲဒီရွာမှာ ဘာလက်နက်ကိုင်အဖွဲ့အစည်းမှာ မရှိကြပါဘူး။ ကလေးငယ်အပါအဝင် ငါး ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာ ရရှိပါတယ်” ဟု တပ်မဟာ(၁)PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များမှာ စောလင်းထက်သာ(၇) နှစ်၊ စောထွန်းထွန်းမင်း(၆ )နှစ်၊ နော်သန်းသန်း(၁၂) နှစ်၊ နော်စန်းမြင့်(၁၀) နှစ်၊ နော်မင်္ဂလာဖော(၉ ) နှစ်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဒေသများရှိ အရပ်သားများထံ ဦးတည်ကာ လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာ စသည်တို့ကိုအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယခုအောက်တိုဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ အရပ်သား ၄၇ ဦးသေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၃၉ ဦးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။