အောင်မြသန်း/ဧရာဝတီတိုင်းမ်
မြဝတီ၊ စက်တင်ဘာလ ၄ ရက်

ထိုင်းနဲ့ မြန်မာနယ်စပ်ကြားမှာရှိတဲ့ မြဝတီမြို့နယ်ထဲက သေ့ဘော့ဘိုးစခန်းကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာတွေပြုလုပ်လာလို့ စက်တင်ဘာလ ၂ ရက်နေ့ကစတင်ပြီး ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သေ့ဘော့ဘိုးကျေးရွာနားကို စစ်ကောင်စီဘက်က တပ်သား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ ရောက်ရှိ နေပြီ ဖြစ်တာကြောင့် ရွာထဲ မီးဝင်ရှို့တာတွေ ပစ်သတ်တာတွေလုပ်မှာဆိုးလို့ ကြိုတင်တိမ်းရှောင်နေရတာဖြစ်တယ် လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ ဒီနေ့ နေ့လည်ပိုင်းကတက်လာတာ တဖွဲ့က အင်အား ၄၀ လောက်ရှိတယ် အဲ့တာက ထိုင်းဘက်ခြမ်းက လာတာ နောက်လေဝေါးရွာဘက်ကလာတာ ၃၀၀ လောက်ရှိတယ်ကြားတယ် ရွာသားတွေကတော့ ကြိုပြီး တိမ်းရှောင်ရတာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ပြီး မီးရှို့သတ်ဖြတ်မှာဆိုးလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့အထဲမှာ သက်ကြီး ရွယ်အိုတွေရော ကလေးငယ်တွေရောပါဝင်ပြီး စုစုပေါင်း ၂၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ ကျူးကျော်မှုကြောင့် ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၇ သောင်းကျော်ထိရှိတယ်လို့ သိရပါတယ်။