ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ရှမ်းမြောက်၊ သီပေါမြို့နယ်ကို စစ်ကော်မရှင်က ဦးတည်စစ်ကြာင်းထိုးနေပြီး မြို့နှင့် ၁၀ မိုင်ခန့်အကွာကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က စစ်ကော်မရှင် ၏ စစ်ကြောင်းမှာ ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေး ရွာကိုရောက်ရှိနေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လွယ်ခေါ်ကျေးရွာသည် ကျောက်မဲ-သီပေါလမ်းမပေါ်ရှိ စစ်ရေးအရ အရေးပါသည့် ကျင်သီတံတားနှင့် နီးကပ်နေပြီး စစ်ကော်မရှင်က စစ်ကြောင်းများချိတ် ဆက်၍ တံတားရှိရာဘက်သို့ ထိုးစစ်ဆင်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ကျောက်မဲမြို့ထဲက စစ်ရှောင်တွေကို အဝင်မခံဘဲ အိမ်တွေကို ဖောက်တယ်။ အဲ့ကတစ်ဆင့် သီပေါကို ဝင်ဖို့ လွယ်ခေါ်ကိုဆက်သွားနေတယ်။ မနေ့ကအထိ လေယာဉ်နဲ့ ဒရုန်းကိုအများဆုံးသုံးပြီး စစ်ကြောင်းထိုးနေတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာကို အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကော်မရှင်က Y 12 လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ကြောင်း သိရသည်။

သီပေါမြို့နှင့်လည်း ဆက်စပ်နေသည့် လွယ်ခေါ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်က လေယာဉ်ဗုံး၊ ဒရုန်းဗုံးနှင့် လက်နက်ကြီးပစ်ကူများကို အဓိကသုံးလာကြောင်း သိရသည်။

ကျောက်မဲမြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ဝင်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်က ကျောက်မဲမြို့နှင့်ဆက်စပ်နေသည့် သီပေါမြို့ကို ဆက်လက်သိမ်းယူရန် စစ်ကြောင်းဆက်ထိုးလာပြီး ကျောက်မဲမြို့ဝန်းကျင်ရှိ TNLA သိမ်းပိုက်ထားသည့် မြို့နယ်များကို ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်နီးပါးပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်က ကျောက်မဲမြို့အတွင်းသို့ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် စစ်ကူအင်အားများပါ ခေါ်သွင်းလာပြီး လက်နက်ခဲယမ်းများပါ ဖြည့်တင်းထားကြောင်း သိရသည်။