
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်းဝန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေကို စက်တင် ဘာလ ၃ ရက် မနေ့ နေ့လည် ၁၁နာရီခွဲခန့်မှာ လက်ပစ်ဗုံးနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Truth Fighter MMU တပ်ဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မြင်းမူရဲစခန်းကစစ်ကောင်စီတပ်သားတွေ ကင်းစောင့်နေတဲ့နေရာကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
” စခန်းဘေးက ဝ လေးလုံးဘုရားဝန်းထဲကနေ ဒီကောင်တွေကင်းစောင့်တဲ့နေရာကို ပစ်ထည့်လိုက်တာ။ ၁ ယောက် သေပြီးတော့ ၃ ယောက် ဆေးရုံတင်ထားရတယ်လို့သိရတယ်” လို့ Truth Fighter Mmu PDF တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် မနေ့ည ၉ နာရီဝန်းကျင်မှာ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၃ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
” ဗုံး ၃ လုံးပစ်ထည့်ခဲ့လိုက်တာ။ ဒီကောင်တွေဘက်ကပြန်ပစ်ရမ်းသမ်းပြီးပြန်ပစ်တယ်။ ကျနော်တို့လည်းပစ်ပြီးပြေးရတော့ အဲ့ဒီကထိခိုက်မှုတော့မသိရသေးဘူးပေါ့” လို့ သူကပြောပါတယ်။
သွားရောက်ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်လုံးမှာ PDF ရဲဘော်တွေအထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။