
ကျော်လင်း /ဧရာဝတီတိုင်းမ်
ဖျာပုံ၊ ဇွန်လ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့မှုကို ဇွန်လအလယ်မှစပြီး ကန့်သတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။ ထောင်ဝင်စာလာပို့တဲ့ ငပိကြော်၊ အသားကြော်၊ ငါးကြော် စတဲ့ ဟင်းတွေကို ပမာဏကန့်သတ်လိုက်သလို ဖွင့်ဖောက်စစ်ဆေးပြီး ရောနှောကာ ပြန်ထည့်ပေးနေသဖြင့် နိုင်ငံရေးအကျဥ်းသားများ စားရေးသောက်ရေး အခက်တွေ့နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူအချို့က ဆိုပါတယ်။
” ထောင်ဘူး၀မှာ ပေးတဲ့ဟင်းတွေကို ကန့်သတ်ခံရ အသိမ်းခံရတယ်။ ပို့ရတဲ့ဟင်းတွေကို ရောနှောထည့်ပြီးဖွင့်ဖောက်စစ်ဆေးတာလုပ်တယ် ပြီးတော့မှ ပြန်ထည့်ပြီး ပေးတယ်လို့သိရတယ် အဲမှာ အမွှေခံထားရတော့ဟင်းက သိပ်မကောင်းတော့သလို မစားတဲ့ဟာတွေလဲ ရောသောကောသော ပါတဲ့အခါ အခက်အခဲတွေဖြစ်နေရပါတယ်။ အခြားပြသနာတွေလဲ ပိုဖြစ်လာနေတယ် ” လို့ အကျဥ်းသားတွေရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖျာပုံထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားများအနေနဲ့ မိသားစုထံမှထောင်၀င်စာတစ်ဦးလျှင် ဘူးအသေးဖြင့် အစားအသောက် ၃ ဘူးသာ ပို့ခွင့်ရှိတော့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဥ်းထောင်မှာလည်း ထောင်၀င်စာပေးပို့ခွင့် ကန့်သတ်လိုက်တာကြောင့် ဇွန်လ၂၂ရက်နေ့ညနေပိုင်းက နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်က အိပ်ဆောင်ပြန်မ၀င်ပဲ ဆန္ဒပြခဲ့ကြပါသေးတယ်။