
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်က ၎င်းတို့လက်လွှတ် လိုက်ရသည့် လေသာတောင်ကို စစ်ကြောင်းပြန်ထိုးရာ အထိနာပြီး ပြန်ဆုတ်ခွာထွက်ပြေးရကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် လေသာတောင်ကို ယမန်နေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် အင်အား ၃၀၀ ကျော်ပါ စစ်ကော်မရှင် စစ်ကြောင်းက ဒရုန်းနှင့် လက်နက်ကြီးများပါသုံး၍ စစ်ကြောင်းထိုးတက်လာရာ AA က တန်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများခဲ့ကြောင်း သိရသည်။
“စခန်းကုန်းကို ပြန်ရရမယ်ဆိုပြီး တက်လာတာ။ မလာခင် လက်နက်ကြီးတွေ ဒရုန်းတွေအရင်လွှတ်တာ။ အဲဒါကိုမှ ဒီဘက်ပူးပေါင်းအဖွဲ့က တန်ပြန်ထိုးစစ်နဲ့တိုက်ချိန်မှာ အလောင်းတွေဆွဲပြီးပြေးရတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးတက်လာသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်ကာ ဒရုန်းများ၊ လက်နက်ကြီးများဖြင့်ပါ ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဆင်လန်အနီးရှိ ကာကင်းစခန်းကုန်းဖြစ်သည့် လေသာစခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာရာ ထိခိုက်သေဆုံးခဲ့သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဆွဲ၍ နောက်ဆုတ်ထွက်ပြေးရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်သည် တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ ကာကင်းစခန်းများနှင့် ဂိတ်စခန်းများကို ပြန်လည်စိုးမိုးမှုရနိုင်ရန် ကြိုးပမ်းနေပြီး စစ်အင်အားများပါ တိုးချဲ့နေသည်။
ထို့အပြင် စစ်ကော်မရှင်သည် ညောင်ကျိုးစခန်းကို လက်လွှတ်လိုက်ရပြီးနောက် ညောင်ခြေထောက်ရှိ အမှတ်(၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ကို ကာကွယ်ရန်အတွက် စက်ရုံအတွင်းနှင့် စက်ရုံပတ်ဝန်းကျင်တွင် အင်အားများတိုးချဲ့ပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်များဖြင့်ပါ လုံခြံရေးယူထားရကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် ဩဂုတ်လမှစပြီး ညောင်ခြေထောက်၊ ဆင်လန်ရွာဝန်းကျင်ရှိ ကာကင်းများကို ဆက်တိုက် တိုက်ခိုက်လာရာ စက်တင်ဘာလနောက်ဆုံးပတ်အတွင်းက လေသာတောင်အပါအဝင် ကာကင်းအချို့ကို စစ်ကော်မရှင်က လက် လွှတ်ပေးခဲ့ရသည်။
စစ်ကော်မရှင်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း(၁)တွင် တောင်ကုတ်မြို့ကို မဲဆန္ဒနယ်အတွင်း ထည့်သွင်းထား၍ ပဲခူး-တောင်ကုတ်ဝင်ပေါက်ကို စိုးမိုးမှုရနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)