ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

ရှမ်းမြောက်ပြည်နယ်၊ နမ္မတူမြို့ပေါ်ရှိ မြို့လယ်ခေါင်သို့ ယနေ့ အောက်တိုဘာ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နမ္မတူမြို့လယ်ရှိ စျေးနားတစ်ဝိုက်ကို ဗုံးကြဲချခဲ့ရာ နေအိမ် ခုနစ် လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ၁၀ လုံးခန့် ပျက်စီး သွားကြောင်း ဒေသခံများက ဆိုသည်။

ဗုံးကြဲတိုက်ခိုက်ချိန်သည် လပြည့်နေ့ဖြစ်၍ မြို့လယ်စျေးပိတ်ထားခြင်း၊ ဒေသခံများ ရှောင်တိမ်းနေကြ ခြင်းနှင့် ဘုန်းကြီးကျောင်းသွားသူများသာ ရှိနေခြင်းကြောင့် လူအများအပြား ထိခိုက်မှု မရှိခဲ့ကြောင်း နမ္မတူမြို့တွင်နေထိုင်သူတစ်ဦးထံက သိရသည်။

 

“မနက်က နမ္မတူမြို့လယ် စျေးနားကို ကြဲသွားတာ။ လပြည့်နေ့မို့ စျေးပိတ်ထားလို့ တော်သေးတယ်။ နေအိမ်တွေကလည်း တိမ်းရှောင်နေကြတာရယ်၊ လပြည့်နေ့ ဘုန်းကြီးကျောင်းသွားသူတွေနဲ့မို့ အထိ အခိုက်မရှိတာ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နမ္မတူမြို့သည် စစ်ကော်မရှင် ၏ ပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် နံနက်ပိုင်း ကလည်း မြို့၊ ရပ်ကွက် (၈) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ သေဆုံးသူ လေး ဦးရှိပြီး ခြောက် ဦး ဒဏ်ရာ ရရှိခဲ့သည်။

 

လက်ရှိတွင် စစ်ကော်မရှင်တပ် က သီပေါမြို့ကို ထပ်မံ ထိုးစစ်ဆင်နေပြီး နမ့်ဆန်၊ မန်တုံနှင့် နမ္မတူမြို့များ ကို ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

 

ဓာတ်ပုံ- ပေးပို့
ပုံစာ- နမ္မတူမြို့လယ်ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။