
ဧရာ၀တီတိုင်းမ်
(တောင်ငူ) အောက်တိုဘာ ၆ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (အထက-၄) တွင် အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း က ကျောင်းသို့ ဖုန်းယူဆောင်လာသည့် ကျောင်းသားများ၏ ဖုန်းများကို ကျောင်းအုပ်ဆရာမကြီးက သိမ်းဆည်းခဲ့သည်။
ထိုသို့ သိမ်းဆည်းပြီးနောက် တစ်လုံးလျှင် ကျပ် ၁ သိန်းဖြင့် ပြန်လည်ရွေးယူခိုင်း၍ ကျောင်းသား မိဘများကြား ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ Grade 10 မှ Grade 12 အထိ စာမေးပွဲဖြေဆိုသည့် နောက်ဆုံးနေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တာဝန်ကျ ဆရာမများက ကျောင်းသားများ၏ လွယ်အိပ်များအတွင်း လိုက်လံ ရှာဖွေခဲ့ကြောင်း သိရသည်။
“Grade 10 / 11 / 12 စာမေးပွဲဖြေတာ နောက်ဆုံးရက်ဆိုတော့ ကျောင်းသားတွေ ခိုက်ရန်ဖြစ်ပွားမှာကို စိုးရိမ်ပြီး လွယ်အိပ်တွေကို လိုက်စစ်ဆေးခဲ့တာ။ ဒုတ်၊ ဓား လက်နက်တွေတော့ မတွေ့ဘဲ ဟန်းဖုန်းတွေ တွေ့လို့ သိမ်းဆည်းပြီး ရုံးခန်းအပ်လိုက်တာ” ဟု Non-CDM ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဆရာမ၏ ပြောဆိုချက်အရ ဖုန်းအလုံးရေ များပြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ ဖုန်းတစ်လုံး ကို ကျပ် ၁ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်း ခဲ့ရာမှ ကျောင်းသားမိဘများနှင့် အခြေအတင် ဖြစ်ပွားကာ ပြဿနာကြီးထွားလာခြင်းဖြစ်ကြောင်း သိရသည်။
တောင်ငူ အထက (၄) ကျောင်းအုပ်ဆရာမကြီးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းရွှေ့ရောက်ရှိ လာသူဖြစ်ပြီး၊ စစ်တပ် အရာရှိကတော်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-CJ