‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၅ရက်

‎ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကြောင်းများဖြန့်ခွဲ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

‎ဗန်းမော်မြို့တွင်းရှိ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA က တကျော့ပြန် သိမ်းယူပြီးနောက် စစ်ကော်မရှင်ဘက်က လေယာဉ်ပစ်ကူများပါနေ့စဉ်အသုံးပြု လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”စစ်တပ်ဘက်က လူအင်အားဖြည့်ကူနဲ့ သူတို့တပ်ချင်း လက်ချင်း ချိတ်ဆက်နိုင်တဲ့အနေအထားကို ရောက်လာပြီး ထိုးစစ်ပြန်စနိုင်ခဲ့တယ်ပေါ့။ KIA က ခေတ္တဆုတ်ပေးခဲ့တဲ့နေရာတွေကို အခုပြန်သိမ်း နေပါတယ်” ဟုကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎သံချပ်ကာတပ်ရင်း (သတရ-၇၀၀၆) ဂိတ်ပေါက်အနီးထိ တိုက်ပွဲရှိနေပြီး စက်တင်ဘာလ အတွင်း ကလည်း သံချပ်ကာတပ်ရင်းနား စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများခဲ့သည်။

‎ပြီးခဲ့သည့် ရက်ပိုင်း အောက်တိုဘာ ၁ရက်နေ့က ခလရ ၄၇အနောက်ဘက်ကာကင်းစခန်းနှင့် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းတို့ကို KIA က ပြန်လည် သိမ်းယူခဲ့သည်။

‎စစ်ကော်မရှင်က စစ်ရေးအရအရပါသည့် ဗျူဟာမြောက်နေရာများကို စစ်ကြောင်း သုံးခုခန့်ခွဲ၍ ဖြန့်ကျက်တိုက်ခိုက်လာပြီး ဗန်းမော်လမ်းမကြီးတလျှောက် နယ်မြေစိုးမိုးနိုင်ရန် စစ်ကြောင်းဖြန့် လာနေခြင်းဖြစ်သည်။

‎‎လေကြောင်းမှလည်း တိုက်ပွဲဖြစ်ပွားရာနှင့်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီးကို တစ်နေ့လျှင်အနည်းဆုံး သုံးကြိမ်နီးပါး လေယာဉ်ပစ်ကူပေးထားကြောင်း ကချင်သတင်းရင်း မြစ်များထံမှ သိရသည်။

‎စစ်ကော်မရှင်က ဗန်းမော်တိုက်ပွဲ ပြန်လည် ထိုးစစ်ဆင်လာနိုင်သည့်အတွက် စကခမှူးနှင့် (၈၈) တပ်မမှူးတို့ကို ရာထူးတိုးပေးပြီး ဝါဒဖြန့်မှုများပြုလုပ်လာသည်။ ‎စစ်‌ကော်မရှင် ဝါဒဖြန့်သတင်းစာ များတွင်လည်း ဗန်းမော်ကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဖော်ပြပြီးနောက် KIAက စစ်ရေး နယ်မြေအချို့ကို တကျော့ပြန် ပြန်လည် သိမ်းယူလာခြင်းဖြစ်သည်။

ပုံစာ-၂၀၂၄ ခုနှစ်အတွင်းက KIA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ် အခြေစိုက် စခန်းတစ်ခုကို တွေ့ရစဉ် (ပုံဟောင်း)