ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း မတ်မိုအရှိန်ကြောင့် တိုင်းနှင့် ပြည် နယ်တို့တွင် မိုးကြီးနိုင်ပြီး လာမည့် နှစ်ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)ထံမှ သိရသည်။

အဆိုပါမုန်တိုင်းသည် တောင်တရုတ်ပင်လယ်၏ အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး လာမည့် ၁၂ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း မတ်မို ( MATMO) အဖြစ်ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းထားကြောင်း မိုး/ဇလက ယနေ့ အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

ယနေ့မှ စတင်၍ လာမည့်အောက်တိုဘာ ၅ ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ နေရာအချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း ၊ အရှေ့ပိုင်း) အပါ အဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်မူ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ကချင်ပြည် နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက် ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုး/ဇလ