
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
အာဏာသိမ်း စစ်ကော်မရှင်ကြောင့် ပြီးခဲ့သည့် စက်တင်ဘာ တစ်လအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၁၁၆ ဦး သေဆုံးပြီး နိုင်ငံရေးအရ ၁၇ ဦး ဖမ်းဆီးခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည်။
ထို့အပြင် စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်သွားမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေဖြင့် ဖမ်းဆီးထားသူ ၁၂ ဦးကိုလည်း သတင်းအချက်အလက်များအရ အတည်ပြုနိုင်ခဲ့ပြီး ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးများ ပါဝင်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီလိုဖြစ်ရပ်တွေဟာ သူ့ကိုယ်သူ စစ်ကော်မရှင်လို့ အမည်တပ်ထားတဲ့ မင်းအောင်လိူင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်တာပါ။ ဒါဟာ စစ်ရာဇဝတ်မှုပါ၊ ဒါဟာ လူသားဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ရာဇဝတ်မှုပါ” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
ထိုသို့ရာဇဝတ်မှုများ ကျူးလွန်နေခြင်းမျိုးကို ထောက်ခံ၍ အပြစ်မဲ့ မြန်မာပြည်သူများအား သတ်ဖြတ်ရန် လက်နက်နှင့် နိုင်ငံရေးအရ ထောက်ခံအားပေးနေသည့် နိုင်ငံများရှိသလို မထောက်ခံဘဲ ဒဏ်ခတ်အရေးယူနေသော နိုင်ငံများလည်း ရှိနေကြကြောင်း သိရသည်။
“ကုလအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက မတရားအာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းအတွက် ထိရောက်ပြင်းထန်တဲ့ သတင်းစကားနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဦးဘိုကြည်က ဆက်လက်ပြောသည်။
အဆိုပါ သေဆုံးသူများသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ သေနတ်ဖြင့် ပတ်ခတ်မှု စသည်တို့ကြောင့်ဖြစ်ပြီး ထိုအထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၄ ဦး ပါဝင်နေကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအခြေအနေသည် AAPP က လက်လှမ်းမီသမျှ ကောက်ယူထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်။
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်သည် စာသင်ကျောင်းများ ဗုံးကြဲခြင်း၊ ဘာသာရေး အဆောက်အဦးများ တိုက်ခိုက်ခြင်း၊ ကျောင်းသားနှင့် အပြစ်မဲ့ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ကျူးလွန်နေလျက်ရှိသည်။
ယင်းအပြင် လူငယ်များကိုလည်း အတင်းအကြပ် စစ်ထဲသွပ်သွင်း၍ တိုက်ပွဲများတွင် လူသားဒိုင်းများအဖြစ် အသုံးချကာ အသေခံခိုင်းနေပြီး ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအပါအဝင် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းထားသူများအား မူးယစ်ဆေးစွဲ စစ်တိုက်ခိုင်းနေကြောင်း သိရသည်။