
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ဥရောပတိုက်က ရုရှားကို ရန်စပါက မြန်ဆန်စွာ လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူ တင်က အောက်တိုဘာလ ၂ ရက်မှာ ပြောကြားခဲ့ပြီး အမေရိကန်ဉီးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင် အားလုံးနီးပါးက ယူကရိန်းအရေးကြောင့် ရုရှားကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်ရဲ့ လူအသေအပျောက်အများဆုံး ယူကရိန်းစစ်ပွဲဟာ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးပျံအရေးအခင်းနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေကြား အကြီးမားဆုံး ပဋိပက္ခ ဖြစ်စေခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်မျက်နှာပြင်တစ်ခုလုံးမှာ ရှေ့ဆက်ချီတက်နေတယ်လို့ ပင်လယ် နက် အပန်းဖြေစခန်း ဆိုချီမြို့မှာကျင်းပတဲ့ Valdai ဆွေးနွေးပွဲအုပ်စုမှာ မိန့်ခွန်းအတွင်း ပူတင်က ထည့် ပြောခဲ့ပါတယ်။
“နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးက ကျွန်တော်တို့ကို တိုက်ခိုက်နေပါတယ်။ နေတိုးအဖွဲ့ဝင်တွေဟာ ယူကရိန်းကို ထောက်လှမ်းရေးသတင်းတွေ၊ စစ်လက်နက်တွေနဲ့ စစ်သင်တန်း ပေးနေပါတယ်။ ဥရောပ တိုက်က ရုရှားကို ရန်စလာရင် ရုရှားက မြန်မြန်ဆန်ဆန် လက်တုံ့ပြန်ပါမယ်” လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံဟာ စက္ကူကျားတစ်ကောင်လို့ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြား ချက်ကို ပူတင်က ပယ်ချခဲ့ပြီး ရုရှားဟာ ကမ္ဘာမှာ စွမ်းရည်အမြင့်ဆုံးစစ်တပ် ပိုင်ဆိုင်ထားတယ်လို့ ပြောပါ တယ်။
ရုရှားနိုင်ငံက စက္ကူကျားတစ်ကောင်ဆိုပါက နေတိုးအဖွဲ့ကလည်း စက္ကူကျားတစ်ကောင်သာဖြစ် တယ်လို့ ပူတင်က ပြောပြီး ရုရှားကို အနောက်နိုင်ငံတွေ တိုက်ခိုက်ရဲလားဟု စိန်ခေါ်ခဲ့ပါတယ်။
ရုရှားက နေတိုးအဖွဲ့ဝင် တိုင်းပြည်တစ်ခုကို တစ်နေ့မှာ တိုက်ခိုက်နိုင်တယ်ဆိုတဲ့စိတ်ကူးဟာ ယုံ ကြည်ဖို့ မဖြစ်နိုင်ဘူးလို့ဆိုကာ ပူတင်က ပယ်ချခဲ့ပါတယ်။
“စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့သာ ပြောချင်ပါတယ်။ ဥရော ပမြို့ကြီးတွေက လမ်းတွေပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာသာ ကြည့်ပါ” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; Russia will respond swiftly if it thinks Europe is provoking it, says Putin