
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) ဖြစ်ပေါ်နေပြီး ယင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တွင် ယနေ့ညမှ လာမည့် ၂၄ နာရီအတွင်း မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညထုတ်ပြန်သည်။
မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းငယ် ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့် ( မုန်တိုင်းသတိပေးချက်) သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ ( ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညထုတ်ပြန်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်၍ တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းပြင်လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိမည်ဖြစ်သည်။
ထို့ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်မည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေ ခန့် ရှိနိုင်မည်ဖြစ်သည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့ (Puri)၏ တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်နှင့် ပါရာဒစ်ပ်မြို့ (Paradip) ၏ တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းသိရသည်။
လာမည့် ၄၈ နာရီအတွင်း မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ် ကမ်းခြေတို့ကို ဂိုလ်ပါပူမြို့နှင့် ပါရာဒစ်ပ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။