
(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်သည့်အတွက် အရပ်သား အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ အရပ်သားများရှိရာ စျေးဆိုင်နှင့်ဆေးရုံ ပတ်ဝန်းကျင်ကို ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပေါင် ၅၀၀ ဗုံးသီး သုံးလုံးနဲ့ ငါးမိနစ်ခြား၊ ၁၀ မိနစ်ခြား သုံးကြိမ် လေယာဥ်တစ်စီးနဲ့ ဗုံးကြဲသွားတာပါ။ အမျိုးသမီး နှစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ အဲထဲမှာ စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးသည် အသက် (၄၀)နှစ်အရွယ် ဒေါ်သူဇာဝင်း နှင့် အသက် (၁၈) နှစ်အရွယ် မမြမြခင် တို့ဖြစ်ကြပြီး ဒဏ်ရာရသည့် ၁၉ဦးထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား လူနေအိမ်နှင့် ဆေးရုံ အဆောက်အဦးအချို့လည်း ပျက်စီးသွားကြောင်း သိရသည်။
“နေအိမ်၊ ဆေးရုံက အဆောက်အဦးတွေလည်း အတော်များ ပျက်စီးသွားတယ်။ နေ အိမ် သုံးလုံး၊ လေးလုံးလောက်က လုံးဝ ပြာကျသွားတယ်။ တခြားအိမ်တွေလည်း ပျက်စီးသွားတာရှိတယ်။ စျေးဆိုင်တွေဆိုလည်း ပျက်စီးသွားတာတွေ ရှိတယ်”ဟု ပလက်ဝဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့ကို အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် သိမ်းပိုက်ရရှိထားသည်။
ဓာတ်ပုံ- We Love Paletwa