နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

 

တရုတ်နိုင်ငံတွင် ယခုနှစ်ကျင်းပမည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ကို စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးဆောင်အဖွဲ့ တက်ရောက်၍ တရုတ်စီမံကိန်းများ တည်ရှိရာ မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်ကတည်းက တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ကို ရောက်ရှိနေပြီး ဒုသမ္မတ၊ CPC ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လည်း ပြည်တွင်း၊ပြည်ပ ဈေးကွက်များသို့ အမယ်သစ်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းနေသည့်အတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်သည်ဟု ပြောဆိုကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ CAEXPO ၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ကို နန် နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကချင်ပြည်ရှိ မြစ်ကြီးနားမြို့အား မြန်မာနိုင်‎ငံ၏ နှစ်လိုဖွယ်ရာမြို့City of Charm အဖြစ်နှင့် ပြခန်းပေါင်း ၈၀ ပါဝင်ပြသရန် စီစဉ်ထားကြောင်း သိရသည်။

 

တရုတ်နိုင်ငံတွင် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က စတင်ခဲ့သည့် CAEXPO ကို မြန်မာနိုင်ငံအနေဖြင့် နောက်နှစ် ၂၀၀၅ ခုနှစ်၌ ပါဝင်ခွင့်ရရှိကာ နှစ်စဉ်အလိုက် နှစ်လိုဖွယ်ရာမြို့များအား ပြသသလို ယခုနှစ်တွင်လည်း ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် တရုတ်အစိုးရက အသိအမှတ်ပြု ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းခရီးစဉ်အတွက် စစ်ကော်မရှင်ခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သလို ဝန်ကြီးချုပ် ဦးညိုစောနှင့်အတူ စစ်ကော်မရှင်ခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုဝန်ကြီးများလည်း တရုတ်နိုင်ငံသို့ လက်ရှိလိုက်ပါသွားကြောင်း သိရသည်။

 

ထို့အတူ ယခုခရီးစဉ်သည် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးညိုစော၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို ယင်းမတိုင်ခင် SCO အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရာက်ခြင်းဖြစ်သည်။

အဆိုပါ တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ကို နှစ်နိုင်ငံ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC)၏ အဓိကစီမံကိန်းများ တွန်းအားပေး၍ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောဆိုသလို ၎င်းကလည်း ကတိကဝတ်များ ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

 

တရုတ်သမ္မတ ရှီကျင့်ဖိန်၏ စိတ်ကူးအိမ်မက်ဖြစ်သော ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) အစီအမံကို အကောင်အထည်ဖော်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပါနေသည့် CMEC စီမံကိန်းများ တည်ရှိရာ ဒေသများတွင် ကချင်ပြည်နယ် အထူးသဖြင့် မြို့တော် မြစ်ကြီးနားမြို့လည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

 

ထိုမြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်ရှိ မေခနှင့် မလိခ မြစ်သွယ်နှစ်ခု ပေါင်းဆုံသော မြစ်ဆုံတွင် တည်ဆောက်မည့် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ၀န်းကျင်ခန့် ရေအားလျှပ်စစ် စီမံကိန်းကို အာဏာသိမ်းပြီးနောက် ပြန်လည်လုပ်ဆောင်ရန် စစ်ခေါင်းဆောင်က ဦးဆောင်အဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။

 

ယင်းအပြင် မြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့မှတစ်ဆင့် တရုတ်ပြည်နှင့် ကုန်သွယ်နေပြီး ရှေးယခင်ကတည်းက တရုတ်နှင့် မြန်မာအကြား ကုန်သွယ်မြို့ဖြစ်ကာ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်-မြန်မာ လမ်းမကြီးများ ဖောက်လုပ်ခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည် ပို၍အရေးပါလာခြင်းဖြစ်သည်။

 

စစ်ခေါင်းဆောင်သည် တရုတ်ခရီးစဉ်အတွင်း လုပ်ငန်းရှင်များကို ဖိတ်ခေါ်စည်းရုံး၍ တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံပေါက် လီဒိုလမ်းကြောင်းပေါ်ရှိ ကံပိုင်တည်-မြစ်ကြီးနား-ပန်ဆောင်လမ်းပိုင်း ပြန်လည်ပြုပြင်ရန်အပါအဝင် စသည်တို့ကို တရုတ်လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

အလားတူ CMEC စီမံကိန်းများ ဖြတ်သန်းရာ ကချင်ပြည်နယ်တွင် မြစ်ဆုံအပြင် မြစ်ကြီးနား-ထီးချိုင့် အမြန်လမ်း၊ မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးမှုဇုန်၊ ကန်ပိုက်တီစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ဧရာဝတီမြစ်ကြောင်းဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စသည့် တရုတ်စီမံကိန်းများလည်း တည်ရှိ‌နေကြောင်း သိရသည်။

 

ဓာတ်ပုံ-MOI