
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၁၆ ရက်
စစ်ကော်မရှင်က ကရင်နီပြည်နယ်ရှိ မြို့နယ် သုံး မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့ ကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့် သတင်းမီဒီယာများမှတစ်ဆင့် ကြေညာခဲ့သည်။
စစ်ကော်မရှင်သည် ယခင်က ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယခုအခါတွင် မယ်စဲ့၊ ဖားဆောင်း၊ ရှားတော မြို့နယ် သုံး ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတော့ကြောင်း ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
“ဖားဆောင်းမြို့နယ်ဆို တပ်စခန်းတစ်ခုပဲကျန်တော့တယ်ပေါ့နော်။ ရှားတောနဲ့ မယ်စဲ့ကတော့ ကျွန်တော်တို့ ၁၀၀ ရာခိုင် နှုန်းထိန်းချုပ်ထားပြီးတော့ စစ်ကောင်စီ(စစ်ကော်မရှင်) လုံးဝကင်းစင်တဲ့ နယ်မြေဖြစ်နေတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေးနှင့် လုံခြုံရေးအတွက် ရွေးကောက်ပွဲမကျင်းပနိုင်တော့ဟု ထပ်မံကြေညာခဲ့သည့် မယ်စဲ့၊ ဖားဆောင်း၊ ရှားတော မြို့နယ် မြို့နယ် သုံးမြို့နယ်သည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် မြို့နယ်များဖြစ်ကြောင်းလည်း သိရသည်။
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၁) တွင်မူ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်နှင့်၊ ဘောလခဲ မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကရင်နီတွင် အထူးတလည်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ လွိုင်ကော်မြို့နယ်တစ်ခုတွင်သာ စည်ကားစွာရှိရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားနေလျက်ရှိကြောင်း IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်ထံမှ သိရသည်။
သို့သော်လည်း လေကြောင်းတိုက်ခိုက်ခြင်းများနှင့် ရှမ်းတောင်ဒေသမှတစ်ဆင့် ကရင်နီပြည်နယ် အတွင်းသို့ မြေပြင်ထိုးစစ်ဆင်ခြင်များကို အပြင်းအထန်ပြုလုပ်နေပြီး ကရင်နီ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် နိုင်ငံအနှံ့ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့နယ် ၅၆ မြို့နယ်မှ မဲဆန္ဒနယ် ၁၂၁ ခုတို့တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်တော့ကြောင်းကို ရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လှုမှုကွန်ရက်