
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
မန္တလေးမြို့၊ အောင်မြေသာစံမြိုု့နယ်၊ ရေစစ်ကန်လမ်းအနီး လမ်း ၆၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား ပိတ်ထားကာ Sky villa ကွန်ဒိုရှာဖွေရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်မှု ပြီးစီးပြီဖြစ်၍ ယနေ့ စက်တင်ဘာ ၁၆ ရက်တွင် စတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အင်အားပြင်းထန်သည့် စစ်ကိုင်းငလျင်ကြောင့် ပြိုကျခဲ့သော မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ သေဆုံးသူများအတွက် နစ်နာကြေးပေးအပ်ခဲ့ပြီးနောက် ရုပ်အလောင်းရှာဖွေမှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကာ ကွန်ဒိုအနီး ပိတ်ထားသည့်လမ်းများကိုလည်း ယနေ့ မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဟု Sky Villa ၏ Operation Manager ဦးလင်းလင်းထွန်းက ပြောကြားထားသည်။
ကွန်ဒိုပြိုကျမှုကြောင့် အသက်ဆုံးရှုံးရသူများအတွက် တစ်ဦးလျှင် ကျပ် သိန်း၁၀၀ နှုန်းဖြင့် ထောက်ပံ့ ငွေပေးရာတွင် ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ၇၆ ဦးကိုပေးအပ်ခဲ့ပြီး စုစုပေါင်း ၁၄၈ ဦးပေးအပ်ထားပြီးဖြစ်ရာ နိုင်ငံခြားသား ရှစ် ဦးပါဝင်ကြောင်းသိရသည်။
ငလျင်လှုပ်ပြီးနောက်ပိုင်း ငါးလကျော်ကြာသည့်အထိ Sky villa ကွန်ဒိုပြိုကျမှုမှ ရုပ်အလောင်းထုတ် ယူရာတွင် သေဆုံးသူ ၂၀၆ ဦးရှိကြောင်းသိရသည်။
” ငလျင်လှုပ်တဲ့နေ့ကပြီး ရေစစ်ကန်လမ်းပိုင်းပိတ်ထားတာ။ ဘယ်သူ့မှသွားလို့မရဘူး။ ရဲတွေရော စစ်သားတွေရောရှိတယ်။ ကယ်ဆယ်ရေးလုပ်တုန်းကလဲ သူ့တို့အဖွဲ့အစည်းနဲ့သူတို့လုပ်ကြတယ်။ အပြင် လူမှုရေးအသင်းတွေတောင်သိပ်မပါဘူး။ သေဆုံးတဲ့သူကျန်နေဦးမှာပဲ ” ဟု မန္တလေးမြို့ခံ တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့တွင် Sky villa ကွန်ဒိုပြိုကျမှုရှာဖွေရှင်းလင်းရေးလုပ်ရာမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံရှာဖွေနိုင်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါနေရာရှင်းလင်းပြီး မန္တလေးတိုင်းစစ်ကော်မရှင်၏ ခွင့်ပြုချက်ရပါက အဆောက်အအုံ တည်ဆောက်ရေး ပြန်လည်လုပ်ဆောင်မည်ဖြစ် ကြောင်း sky villa operation manager ဦးလင်းလင်းထွန်းက လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် စစ်ကိုင်းငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် သေဆုံးသူ ၃၈၁၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ငါး ဦးရှိကြောင်း စစ်ကော်မရှင်၏ စက်တင်ဘာ ၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်