
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရှားခဲရဲကင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ကိုးဦးတွင် ရှစ်ဦးမှာ လစဉ် ထီခွဲတမ်းထိုးရကြောင်း သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သက်သာရန်ပုံငွေအဖြစ် အောင်ဘာလေထီလက်မှတ်များရောင်းချရာတွင် ရှားခဲ ရဲကင်းမှ လစဥ် ၄၀,၀၀၀ ကျပ်ဖိုး ပုံမှန်ထီထိုးပေးရကြောင်း သိရသည်။
တပ်ဖွဲ့ဝင် ကိုး ဦးရှိသည်အနက် ဒုရဲအုပ် အရာရှိ မျိုးမင်းဦးမပါဘဲ ကျန်ရှစ်ဦးမှ အချိုးကျတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ခွဲပေးရကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
“လစဉ်ခွဲတမ်းပေးပြီး မဖြစ်မနေထီထိုးရတာ။ အဲ့ဒီလက်မှတ်ဖိုးငွေကလည်း ရဲတပ်သားတွေကပေး ရတာ။ ဒုရဲအုပ်ကမပေးဘူး။ ထီလက်မှတ်သူ့ဆီရှိလို့ အနိုင်ကျင့် ဗိုလ်ကျတာလို့ ကြားရပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က (၆၈)ကြိမ်မြောက်ဖွင့်သော အောင်ဘာလေထီတွင် ရှားခဲရဲကင်းမှ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် ရှစ် ဦးထိုးထားသော ထီလက်မှတ် အစောင် ၃၀ တွင် ထီလက်မှတ်နံပါတ် ဃ ၅၄၃၁၄၀ မှ ကျပ်သိန်းငါးထောင် (၅၀၀၀) ဆုပေါက်ခဲ့သည်။
ထီပေါက်ကြောင်း ဒုရဲအုပ်မျိုးမင်းဦးထံ သွားရောက်ပြောဆိုသောအခါ ထီလက်မှတ်က ၎င်းဆီမှာ ဖြစ်၍ ၎င်းပိုင်ပြီး မပေးနိုင်ကြောင်း ပြောလာသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှုးသန်းကျော်ဌေးကို သွားရောက်တိုင်းတန်ရာ ဖြေရှင်းမပေးသည့်အပြင် ပြစ်တင် ပြောဆိုခဲ့ကြောင်း သိရသည်။
ထီထွက်၍ နှစ်ပတ်ကျော်ကြာပြီးနောက် ဒုရဲအုပ်မျိုးမင်းဦးမှ ရန်ကုန်သို့ ထီလက်မှတ်သွားထုတ်သည် ဟုသိရသဖြင့် ဌာနသို့ဖုန်းဖြင့်ဆက်သွယ်ပြီး ပေါက်သောထီသည် အစုအဖွဲဖြင့်ထိုးသောထီလက်မှတ် ဖြစ်၍ ဆုငွေထုတ်ပေးခြင်းအား ထီပေါက်သူ ရှစ်ဦးမှ တားမြစ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ငွေထုတ်ရန်ရောက်နေသောဒုရဲအုပ် မျိုးမင်းဦးမှ ဆုငွေထုတ်မရသဖြင့် ထီပေါက်သူများဖြစ်ကြသော ကျန်တပ်ဖွဲ့ဝင် ရှစ် ဦးထံ ဖုန်းဆက်ပြီး အချိုးကျထုတ်ပေးမည်ဟု လိမ်လည်ကာ လတ်မှတ်များကို Viber မှတစ်ဆင့် တောင်းယူ၍ ဆုငွေထုတ်သွားကြောင်း သိရသည်။
ဆုငွေ ထုတ်လာပြီး နောက်ရက်တွင် ရဲတပ်ကြပ်ကြီး သန်းခိုင် တစ်ဦးကိုသာ သိန်း ၅၀၀ ကျပ် ထုတ်ပေးပြီး ကျန်တပ်ဖွဲ့ဝင် ခုနစ် ဦးကို တစ်ဦးလျှင် ၁၉၅ သိန်းကျပ်သာ ထုတ်ပေးခဲ့သည်။ အမှန်တစ်ကယ် အချိုးကျခွဲဝေပါက ဒုရဲအုပ်မျိုးမင်းဦး ကိုပါ ထီအစုစပ်ပေါက်သူဟုသက်မှတ်၍ ကိုးဦး ခွဲဝေလျှင် တစ်ဦးကို ၅၅၅ သိန်းကျပ်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ဒုရဲအုပ် မျိုးမင်းဦးမှ ထီဖိုးငွေပေးခြင်းမရှိသည့်အပြင် ကြိုက်သည့်နေရာတိုင်နိုင်ကြောင်းနှင့် အရေးယူ၍ မရဘူးဟု စိန်ခေါ်သဖြင့် ထိုသို့ အနိုင်ကျင့်ဗိုလ်ကျစော်ကားမှုအပေါ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေးထံ အားကိုး၍တိုင်ကြားသော်လည်း အရေးယူဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။