
ဧရာဝတီတိုင်းမ်
(တောင်ငူ) စက်တင်ဘာ ၁၄ ရက်
တောင်ငူတွင် စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၇) အတွက် လူလိုအပ်ချက်ကြောင့် နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက ဦးဆောင်ပြီး ဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေကြေးနှင့် ညှိနှိုင်း၍ ပြန်လွှတ်ပေးခြင်းများလည်း ရှိနေသည်ဟု မြို့ခံများက ဆိုသည်။
“နေ့ရောညပါ ပေါ်တာဆွဲနေတာ အသက် ၃၅ နှစ်အထက်ကိုလည်း ဆွဲတာပဲ။ ပြန်မလွှတ်ဘူး။ တောင်ငူမှာ ည ၈ နာရီကျော်ရင် လမ်းပေါ်မှာ လူမရှိတော့ဘူး” ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးရမိသော စစ်မှုထမ်းများကို သက်ဆိုင်ရာ ရဲစခန်းများတွင် ချုပ်နှောင်ထားပြီးနောက် ပြည်သူ့စစ်မှုထမ်းများ ထားရှိရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲသို့ ပို့ဆောင်နေ ကြောင်း သိရသည်။
တောင်ငူမြို့ ဇီးဒိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ကြိုင်သည် စစ်ကော်မရှင်၏ အလိုကျ လူငယ်များအား ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများကို အားတက်သရော လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း မြို့ခံများ၏ပြောကြားချက်အရသိရသည်။
“ရွာတွေမှာ စစ်မှုထမ်းကြေး လစဉ်ကောက်တယ်။ စစ်မှု ထမ်းဝယ်ဖို့ ကောက်ထားတဲ့ လစဉ်ကြေးတွေကို မပေးတော့ဘူး။ အုပ်ချုပ်ရေးမှူးတွေက သူတို့ကိုယ်တိုင် လိုက်ဆွဲတယ်။ ကောက်လို့ရတဲ့ပိုက်ဆံတွေကို သူတို့ယူထားတဲ့သဘောပဲ” ဟု ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အမှတ်စဉ် (၁၅) နှင့် အမှတ်စဉ် (၁၆) တို့ကို သင်တန်းပေးနေဆဲဖြစ်ပြီး၊ အမှတ်စဉ် (၁၅) ကို စက်တင် ဘာလ ၁၉ ရက်နေ့တွင် သင်တန်းဆင်းပေးမည်ဖြစ်ကာ မကြာမီ အမှတ်စဉ် (၁၇) အတွက် သင်တန်းဖွင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) ကို သင်တန်းဆင်းခဲ့ပြီး ယခုအခါ အမှတ်စဉ် (၁၄) အထိ သင်တန်းဆင်းပေးခဲ့ကာ စစ်မှုထမ်းတပ်သား ၇၀,၀၀၀ စုဆောင်းထားကြောင်း စစ်တပ်ထောက်ခံသူများက ပြောဆိုလျက်ရှိသည်။
ပုံစာ-စစ်ကော်မရှင်၏ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကိုတွေ့ရစဥ်