
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
မြန်မာနိုင်ငံတွင် သွင်းကုန်ပစ္စည်းအမျိုးမျိုးကို ကန့်သတ်ထားခြင်းကြောင့် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်အထိ ရရှိနေကြောင်း စစ်ခေါင်းဆောင်ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
လက်ရှိရရှိထားသော ကုန်သွယ်မှုပိုငွေထက် ပိုမိုတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်တင်ပို့ရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်က ၎င်းအာဏာသိမ်းထားသည့် ငါးနှစ်သက်တမ်းအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ရရှိခဲ့ပြီး စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပိုမိုတင်ပို့နိုင်ပါက ကုန်သွယ်မှု ပိုငွေများ ပိုမိုတိုးတက်လာမည်ဟု ဆိုသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင်အစိုးရအဆက်ဆက်၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများကိုလည်း ဝေဖန်ပြောကြားခဲ့ရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ခေတ်တွင် ၅၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ခေတ်တွင် ၃၀ ရာခိုင်နှုန်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက)ခေတ်နှင့် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် ၂၀ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
စစ်ခေါင်းဆောင်က ထိုသို့ပြောကြားထားသော်လည်း လက်ရှိမြေပြင်အခြေအနေတွင် စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရာ၌ အခက်အခဲများရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
ပြည်ပပို့ကုန်အဖြစ် ပဲအမျိုးမျိုး၊ နှမ်းနှင့် ပြောင်းအနည်းငယ်ကိုသာ တင်ပို့နိုင်ပြီး ကျန်သီးနှံများမှာမူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ပြည်တွင်းစားသုံးမှုအတွက်သာဖြစ်နေသည်ဟု ကုန်သည်များက ဆိုသည်။
ထို့ပြင် နိုင်ငံအတွင်း စားသုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ နှစ်စဉ် ပြင်ပမှ တင်သွင်းနေရသောကြောင့် နိုင်ငံခြားငွေများစွာ ကုန်ကျနေသည်ဟုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ စစ်ကော်မရှင်သည် ပြင်ပကုန်ပစ္စည်း တင်ပို့မှုများကို ပိတ်ဆို့ကန့်သတ်မှုများကြောင့် သွင်းကုန်တန်ဖိုး လျော့နည်းလျက်ရှိရာ ကုန်ကြမ်း ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းအဝင်နည်းပါးလျက်ရှိကြောင်း သိရသည်။
ဤအခြေအနေသည် ကုန်သွယ်မှုပိုငွေရရှိခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်ပြီး နိုင်ငံ၏ စက်မှုကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်