
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
စစ်ကောင်စီမှ ကာလရှည်စွာတပ်စွဲထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာအား မိုးဗြဲ PDF က ဇွန်လ ၂၈ ရက်နေ့မှစ၍ စစ်ဇုန်အဖြစ်သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါ ကျေးရွာတွင် စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း (၁၀၀၀)ကျော်ခန့်)စိုက်ပျိုးခြင်းမပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲနေထိုင်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့်အတွက်ကြောင့်မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ၊ KNDF BO3 နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့စောင့်ကြည့်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား နည်းပေါင်းစုံဖြင့် ရိက္ခာဖြတ်တောက်နိုင်စေရန်အတွက် MBPDF၊ KNDF နှင့် မဟာမိတ်တပ်ဖွဲ့များ လျှို့ဝှက်စွာ သဘောတူဆုံးဖြတ်ထားပြီးသားကိစ္စလည်းဖြစ်သည်ဟု ဆိုသည်။ Mission အောင်မြင်ဖို့ လျှို့ဝှက်သောနည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့သော်လည်း ဆက်လက်သွားလာနေသည့်အတွက်ကြောင့် ထပ်မံသတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း MBPDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများနှင့် မည်သည့်အဖွဲ့အစည်းမဆို ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ကြပါရန် နှင့် သတိပေးသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ သွားလာခြင်းများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက MBPDF အနေဖြင့်လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MBPDF