ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တို့ကို တိုက်ခိုက်၍ လက်နက်များနှင့်အတူ စစ်သုံ့ပန်း ခုနစ် ဦး သိမ်းဆည်းဖမ်းမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သည်။

 

စစ်ကော်မရှင်၏ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသား ကသည်း(ULFA)နှင့် နာဂ(NSAC) သူပုန်တပ်ဖွဲ့ အင်အား ၁၃၀ ခန့် ထိုးစစ်ဆင်လာ၍ စက်တင်ဘာ ၂ ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်မှ စစ်သုံ့ပန်း ခုနစ် ဦး ဖမ်းဆီးရမိပြီး အလောင်း လေး လောင်းနှင့် MA-1 သုံး လက်၊ MA-3 တစ် လက်၊ MA-11 တစ် လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး တစ် လုံး၊ RPG ပို့ယမ်း သုံး ခု၊ နင်းမိုင်း ၁၂ ခု၊ မိုင်းရှင်းစက် တစ် ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ မူးယစ်ဆေး အမျိုးအစား သုံး မျိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ (၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)နှင့် Zoland PDF ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်သလို ကသည်းနှင့် နာဂသူပုန်တပ်များအား ယခုနှစ် ဩဂုတ်မှစတင်၍ စစ်ကော်မရှင်က အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကသည်းနှင့် နာဂသူပုန်အဖွဲ့များသည် ဩဂုတ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခြင်းဖြစ်ကာ စစ်ကော်မရှင် စစ်ကြောင်းများသည်လည်း ဩဂုတ် ၆ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြာင်း သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း တစ် ဦး၊ အလောင်း သုံး လောင်းနှင့် လက်နက်မျိုးစုံ ၁၀ လက်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အမှတ် (၁) စစ်ဒေသ။