ရှေ့တန်းမှာ ထမင်းနပ်မှန်အောင်မကျွေးတာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နှင့်အတူ အလင်းဝင်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ (စကခ – ၂၀) ခမရ (၅၉၃)မှ အသက် (၂၅)နှစ်ရှိ တပ်သား မောင်သန့်ဇင်အောင်သည် ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ (KNLA) အမှတ် (၅) တပ်မဟာသို့အလင်းဝင် ရောက်လာကြောင်း မူကြော်သတင်းစဥ်က ရေးသားထုတ်ပြန်ထားသည်။

၎င်းမှာ (MA-3)တစ်လက်၊ ကျည် (၁၇၀) တောက်နှင့် လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းအား အမှတ် (၅) တပ်မဟာတာ၀န်ရှိသူများမှ ကောင်းမွန်စွာလက်ခံကြိုဆိုစောင့်ရှောက်သည့်အပြင် ဆုငွေဖြင့် မြန်မာကျပ်ငွေ (၂,၀၀၀,၀၀၀)ကျပ် သိန်းနှစ်ဆယ်ကျပ်တိတိဆုချခဲ့ကြောင်း သိရသည်။

၎င်းက မူတြော်သတင်းစဥ်ကို “အကြမ်းဖက်စစ်ကောင်စီမှာ အမှုထမ်းဆောင်နေတဲ့အချိန်မှာ အထက်အရာရှိများက လက်အောက်ငယ်သားများအပေါ် မတရား ဖိနှိပ်ချုပ်ချယ်တယ်။ ခွဲခြားဆက်ဆံတယ်။ ရှေ့တန်းထွက်တဲ့အချိန်မှာ အစားအစာဝဝလင်လင် မစားရဘူး။ အထက်အရှိများများက စားချင်တာစားလို့ရတယ်။ ကျွန်တော်တို့ကတော့ တစ်ရက်ထမင်း စားတယ်

နောက်တစ်ရက်မှာ ဆန်ပြုတ် စားရတယ်။ ကျွန်တော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ တယ်” ဟု ပြောသည်။

၎င်းအပေါ် နွေးထွေးစွာကြိုဆိုပေးသည့်အပြင် ညီအကိုမောင်နှမကဲ့သို့ နွေးထွေးစွာဆက်ဆံပေးသည့် KNLA တပ်မဟာ(၅)မှ အရာရှိ၊ ရဲဘော်များကြောင့် ကျေနပ်ဝမ်းသာပျော်ရွှင်မိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၎င်းအနေဖြင့် “ကျွန်တော့်ရဲ့ရှေ့ဆက်ရည်မှန်းချက်က တပ်မဟာ (၅) ကနေပြီးကျွန်တော် ထိုင်းနိုင်ငံဖက်ကို အလုပ်သွားရှာမယ်၊ ကျွန်တော်အလုပ်ရပြီး ငွေစုပြီးတော့ ကျွန်တော့်အမေကိုပြန်ထောက်ပံ့မယ်”ဟု ဆိုသည်။

မူတြော်ခရိုင်တာဝန်ရှိသူများအနေဖြင့်လည်း အလင်းဝင်စစ်ကောင်စီတပ်သား မောင်သန့်စင်အောင်၏ရှေ့ရေးအတွက် စနစ်တကျစီမံဆောင်ရွက်နေကြောင်း မူတြော်သတင်းစဥ်က ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – မူတြော်သတင်းစဥ်

#မူတြော်ခရိုင် #KNLA #စစ်ကောင်စီတပ်သား #လက်နက် #အလင်းဝင်

#Ayeyarwaddy_Times