
မောင်တောမြောက်ပိုင်းက AA သိမ်းပိုက်ခဲ့သည့်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘဂ်လား ဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးရှိ ရက္ခိုင့်တပ်တော် – AA သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီစခန်းအနီးဝန်းကျင် နေရာများကို စစ်ကောင်စီတပ်မှ စက်တင်ဘာ ၁ ရက်နေ့က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒီနေ့ တောင်ပြိုကနေ မောင်တောကိုလာတာ အဲ့ဒီနေရာတွေကို လေယာဉ်သုံးပြီး တိုက်နေတယ်လို့ ကြားရတယ်။ တစ်နာရီကျော်က လေယာဉ်သံတွေလည်း ကြားခဲ့တယ်။ တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာမယ်လို့ ကြားတော့ လမ်းတွေမပိတ်ခင်ကတည်းက မိသားစုနဲ့အတူပြေးလာကြတာ”ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာ ၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်သိရှိနိုင်ရန် ရက်ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
လက်ရှိတိုက်လေယာဉ်များဖြင့်တိုက်ခိုက်နေသည့် မိုင်တိုင်အမှတ် ၄၀ အနီးက စစ်ကောင်စီစခန်းကို အေအေ သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးကို ဒဏ်ရာအပြင်းအထန်ဖြင့် ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်း ရမိခဲ့သည်ဟု အေအေက ဩဂုတ် ၃၁ ရက်က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း အေအေနှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားမှုများမှာ ပြင်းထန်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် မြို့နယ် ဧရိယာများမှာလည်း ကျယ်ပြန့်လာခဲ့သည်။
#AyeyarwaddyTimes