
ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းဖမ်းဆီးခံရ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ စက်တင်ဘာလ ၁ ရက်
ဧရာဝတီတိုင်းဒေသကြီးမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်က သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူအပါဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျော်ကို ရန်ကုန် တိုင်း၊ အလုံမြို့နယ်ကနေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးသွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။
“ ဆင်မင်းဈေးနဲ့ ငုဝါလမ်းထောင့်က တိုက်ခန်းကိုဝင်စီးတာ ၆ လွှာကို အောက်ကနေပစ် အထဲဝင်ဖမ်းတဲ့သူက ဖမ်းအဲ့လိုလုပ်သွားတာ တိုက်ခန်းသော့တွေပါဖျက်ပြီး ဝင်ဖမ်းတာ သေနတ်က အားလုံး ၉ ချက်လောက် ပစ်တယ်”လို့ အလုံမြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဖမ်းခံရတဲ့အထဲမှာ မအူပင်မြို့နယ်က သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူ ၁ ဦး၊ ကျိုက်လတ်မြို့နယ်က တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဖျာပုံမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု တွေက ပြောပါတယ်။
ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာတွေလုပ်ခဲ့ပေမယ့် ဒဏ်ရာရရှိတာတွေရှိမရှိကိုတော့ အတည်ကျ မသိရသေးပါဘူး။
ဓာတ်ပုံ – ပုံအဟောင်းအား ပြန်လည်အသုံးပြုထားပါသည်။
#ဧရာဝတီတိုင်း #မြို့ပြပြောက်ကျားတပ်ဖွဲ့ #ဖမ်းဆီးခံရ #Ayeyarwaddy_Times