ပေါင်းတည်က စစ်ကောင်စီခန့်ကျေးရွာ အုပ်ချုပ်ရေးမှူး စိန်သောင်း (ခ) စိန်ခေါ်သံ ပစ်သတ်ခံရ

ဗစ်တာ/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကို ယနေ့ စက်တင်ဘာလ ၁ ရက် ညနေ ၆ နာရီဝန်းကျင်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ပစ်သတ်ခံရသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း(ခ) စိန်ခေါ်သံ ဖြစ်ပြီး ကုန်းသာရွာနှင့် ဇီးပင်လှရွာအကြား ဆည်ဘောင်ပေါ်တွင် သေနတ်ဖြင့် ၃ ချက်ပစ် ခတ်ရှင်းလင်းကြောင်း PPDF တာဝန်ရှိသူကပြောသည်။

” ဒီ စကစအုပ်ချုပ်ရေးမှူးက ရွာသားတွေကို PDF နဲ့ မ‌ပူးပေါင်းဖို့ မိုက်နဲ့လိုက်ကြေညာတယ်။ PDF တွေရဲ့သတင်းတွေကိုစောင့်ကြည့်ပြီး အမြဲစစ်ကောင်စီကိုပေးနေတာ။ ​အဲ့ဒီရွာတဝိုက်မှာ လောင်းကစားဝိုင်းတွေ ထောင်ပြီး ရဲတွေကို ပိုက်ဆံပေးတယ်။ ဒါကြောင့် စစ်ရေးပစ်မှတ်အနေနဲ့ရှင်းလင်းခဲ့တာ ” ဟု PPDF တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ပဲခူးအနောက်ခြမ်း သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်အေး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

#AyeyarwaddyTimes