ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီတစ်ခုခုကို နိုင်ငံ့တာဝန်လွှဲပြောင်းပြီး စစ်တပ်က နိုင်ငံရေးထက် ကာကွယ်ရေး လုပ်ငန်းများကိုသာ ဆက်လုပ်သွားမည်ဟု ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်သည် ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက မကွေး- နတ်မောက်ကားလမ်းမပေါ်ရှိ တပ်မ (၈၈) ဌာန ချုပ်တွင် လပခတိုင်းစစ်ဌာနချုပ်နှင့် တပ်မ (၈၈) မှ အရာရှိစစ်သည်များနှင့် တွေ့ဆုံချိန်တွင် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အယောင်ဆောင်ရွေးကောက်ပွဲနဲ့အတူ ထွက်ပေါ်လာမယ့် လွှတ်တော်မှာလည်း စစ်တပ်ယူနီဖောင်းတွေ ပြန်မြင်ရဦးမှာပဲ။ ဒီမိုကရေစီစနစ်မှာတောင် တပ်ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းဝင်ထိုင်ခဲ့တာ။ အခုစစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဘယ်လောက်အထိဝင်ရှုပ်မလဲဆိုတာ သိသာ နေပါတယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်သွားမှာဖြစ်သလို ရွေးကောက်ပွဲအပြီးဖြစ်ပေါ် လာသည့် လွှတ်တော်တွင် တပ်ကိုယ်စားလှယ်များက နိုင်ငံ့အရေး ဆက်လုပ်သွားမည်ဟုလည်း ဆို သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားရန် သဘော တူညီမှုရယူထားပြီး ဒီမိုကရေစီစနစ်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက စစ်တပ်အနေနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဟု ထုတ်ပြန်ထားပြီး ယခုလာမည့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် မြို့နယ်များ၌ ရွေးကောက်ပွဲ စတင်ကျင်းပမည်ဟု ဆိုထားသည်။

စစ်ကော်မရှင်သည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ၆၃ မြို့နယ်ကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မြင်းခြံတို့ကို စစ်ကြောင်း ထိုးနေပြီး ရှမ်းမြောက်တွင်လည်း ကျောက်မဲမြို့နယ်ကို အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကာ ရခိုင်ပြည်နယ်တွင်လည်း ဆုံးရှုံးနယ်မြေများအနီး၌ စစ်သင်္ဘောများ စေလွှတ်ကာ နယ်မြေစိုးမိုးမှုရယူရန် ကြိုးပမ်းနေကြောင်း သိရသည်။