ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ဖမ်းဆီးခဲ့ပြီးနောက် သက်ဆိုင်ရာတရားရုံးများတွင် တရားစွဲပြီး ထောင်ဒဏ် တစ်လချမှတ်ခဲ့ကြောင်း သိရသည်။

ယာဥ်ထိန်း၊ရဲနှင့်ပြည့်သူစစ်များက မြို့တွင်းနေရာပေါင်းစုံအပါအ၀င် ရပ်ကွက်တွင်းအထိ လိုင်စင်မဲ့ဆိုင်ကယ်များကို ရှာဖွေဖမ်းဆီးကာငွေမပေးနိုင်သူအများစုကို တရားစွဲထောင်ချခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“လိုင်စင်တွေလဲလုပ်မပေးပဲနဲ့ ဥပဒေအရဆိုပြီးဖမ်းတယ်၊ ပြီးရင်ငွေနဲ့ပြန်ရွှေးခိုင်းတာ ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး ပေးရတာ။ မပေးနိုင်ရင်တရားရုံးတင်တာ ခုထောင်ချခံရတဲ့သူတွေက အခြေခံလူတန်းစားတွေ အများစုပါတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မြို့နယ်အများစုတွင် အဖွဲ့များဖွဲ့ပြီး လိုင်စင်မဲ့ဆိုင်ကယ်၊ ကားများကို တရားမ၀င် ကုန်သွယ်မှု ဥပဒေအကြောင်းပြချက်ဖြင့် ငွေတစ်သိန်းမှငါးသိန်းအထိ အမျိုးမျိုးတောင်းခံနေကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင်လိုင်စင်မဲ့များကို ရှာဖွေဖမ်းဆီးနေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲ ၊ ၀န်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးခြင်းမရှိသည့်အတွက်လည်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုကြသည်။

အခြေခံလူတန်းစားအများစုသည် လက်ရှိ ကုန်ဈေးနှုန်းများအရ လိုင်စင်မဲ့ ဆိုင်ကယ်ကိုသာစီးနင်းနိုင်ကြပြီး ယခုကဲ့သို့ ဖမ်းဆီးငွေတောင်းခြင်းနှင့် ထောင်ချမှုများကြောင့် သွားလာလုပ်ကိုင်ရေး အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းမ် ( ပုံဟောင်း )