ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အဆိုပြုခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ပြောကြားခဲ့ပြီး ထိုင်းနဲ့ နယ်စပ်ပဋိပက္ခမှာ ထူးခြားသော ခေါင်းဆောင်မှုအရည်အသွေးကို ချီးကျူးလိုက်ပါတယ်။

ကမ္ဘာပေါ်ရှိ ဒေသအချို့မှာ တင်းမာမှုအချို့ လျှော့ချရေးအတွက် ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင် ချက် အောင်မြင်မှုတွေကို နမူနာပြုပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုတဲ့ နော်ဝေ နိုဘယ်လ် ဆု ရွေးချယ်ရေးကော်မတီထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်နဲ့အတူ သူက အခုလို ကြေညာခဲ့တာပါ။

“သူ့ရဲ့ အချိန်မီ ကြားဝင်ဆောင်ရွက်ချက်တွေကြောင့် လူ့အသက်ပေါင်းများစွာ သေကျေမှုကို ဟန့်တားရာမှာ အရေးပါခဲ့ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်” လို့ ၎င်းက စာအတွင်း ရေးသားခဲ့ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပဋိပက္ခတွေ အဆုံးသတ်ရေး အကျိုးဆောင်ပေးဖို့ ဇူလိုင်လ ၂၆ ရက် မှာ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၂၈ ရက်မှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ မလေးရှားနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ စေ့ စပ်ညှိနှိုင်းခဲ့ပြီး တိုက်ပွဲတွေ ရပ်စဲဖို့နဲ့ အာဆီယံအဖွဲ့မှ လေ့လာသူတွေကို ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

လက်နက်ငယ်ပစ်ခတ်မှုမှ စတင်ကာ လက်နက်ကြီးနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေအဖြစ် ပြောင်းလဲ သွားခဲ့ပြီး ထိုင်းနိုင်ငံက နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ဖို့ F-16 ဂျက်တိုက်လေယာဉ်တွေ စေလွှတ် ခဲ့ရတဲ့ ၅ ရက်ကြာ ပဋိပက္ခမှာ လူ ၄၃ ဉီး သေဆုံးခဲ့ပြီး ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်ကလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဒေါ်နယ်ထရမ့်ကို အဆိုပြုမယ့်အကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံက ကမ္ဘောဒီးယားကုန် စည်တွေအပေါ် ယခင်သတ်မှတ်ထားသည့် စည်းကြပ်ခွန် ၄၉ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းသို့ လျှော့ပေါ့ ပေးတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ ပဋိပက္ခမှာ ကြားဝင်ဖျန်ဖြေမှုကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဒေါ်နယ်ထရမ့် ကို ထောက်ခံမယ်လို့ ပါကစ္စတန်နိုင်ငံက ဇွန်လအတွင်း ပြောကြားခဲ့သလို အဆိုပါဆုအတွက် ဒေါ်နယ် ထရမ့်ကို အဆိုပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။

ကိုးကား – Reuters
Ref; Cambodia PM says he has nominated Donald Trump for Nobel Prize