
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၃ ရက်)
ကျွန်တော်တို့ရဲ့ လည်ပင်းမှာ လိပ်ပြာပုံသဏ္ဍာန်ရှိတဲ့ သိုင်းရွိုက်-ဂလင်း (Thyroid Gland) တည်ရှိ ပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့်လည်း သွေးကြောအတွင်းထုတ်လွှတ် ပေးနေတဲ့ သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone) တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ အတွက် အလွန်အရေးကြီးပါတယ်။
လူ့ခန္ဓာကိုယ်သာ စက်ယန္တရားဖြစ်မယ်ဆိုလျှင် သိုင်းရွိုက်-ဂလင်းက စက်အင်ဂျင်လည်ပတ်နှုန်းကို ထိန်းညှိပေးတဲ့ ခလုတ် လို့ တင်စားနိုင်ပါတယ်။
လူသားတို့ရဲ့ အသက်ရှင်နေတဲ့ဖြစ်စဉ် (ဇီဝကမ္မဖြစ်စဉ် – Metabolism)၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ စွမ်းအင်အသုံးချမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု စတဲ့ အခန်းကဏ္ဍတွေမှာ သိုင်းရွိုက်ဟော်မုန်းက အရေးကြီးဟော်မုန်းအဖြစ် ပါဝင်ထိန်းချုပ်နေပါတယ်။
သိုင်းရွိုက်ဂလင်းက ဟော်မုန်းကို ခန္ဓာကိုယ်ကလိုအပ်တာထက် ပိုထုတ်လုပ်တဲ့အခါမှာဖြစ်စေ လျော့နည်းပြီး ထုတ်လုပ်တဲ့အခါမှာဖြစ်စေ Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း) နဲ့ Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) တို့လို ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာရပါတယ်။
#သိုင်းရွိုက်ဟော်မုန်းများခြင်း(Hyperthyroidism)
သိုင်းရွိုက်ဂလင်းက ပုံမှန်ထက် ပိုပြီးအလုပ်လုပ်ပြီး ဟော်မုန်းတွေ အလျှံအပယ် အလွန်အကျွံ ထုတ်လုပ်တဲ့ အခြေအနေကို Hyperthyroidism လို့ခေါ်ပါတယ်။ စက်အင်ဂျင် အရှိန်တင်မောင်းလို့ ပျက်စီးထိခိုက်သလို အခြေအနေမျိုးနှင့် ဆင်တူပါတယ်။ အသက်ရှင်ဖို့ လည်ပတ်နေရတဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုအရှိန်မြှင့်တင်လိုက်သလိုဖြစ်ပြီး Hyperthyroidism ရောဂါရဲ့ လက္ခဏာတွေကို ကြုံတွေ့ခံစားရပါတော့တယ်။
-သိုင်းရွိုက်ဟော်မုန်းများသည့်ရောဂါလက္ခဏာများ
အစားအသောက် ပုံမှန်စားနေပေမယ့် (တခါတလေ ပိုပြီးစားနေပေမယ့်လည်း) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်း ပိန်ချုံးသွားပါတယ်။ တစ်မိနစ်ကို အကြိမ်(၁၀၀) ထက်ပို နှလုံးခုန်၍ ရင်တုန်ခြင်းကို ခံစားရပါတယ်။စိတ်ဂနာမငြိမ်ဖြစ်လာပါတယ်။စိုးရိမ်ပူပန်လွယ်လာတယ်။ စိတ်တိုလွယ်လာပါတယ်။ လက်တုန်ခြင်းကို သိသိသာသာ ခံစားရပါတယ်။ အပူမခံနိုင်ဘဲအမြဲတမ်း ချွေးထွက်နေတတ်ပါတယ်။ အားအင်ချိနဲ့နေတတ်ပြီး မောပန်းလွယ်လာတာကိုလည်း သတိထားမိတတ်ကြပါတယ်။
အူလမ်းကြောင်းလှုပ်ရှားမှုများပြီး ဝမ်းခဏခဏသွားရခြင်းကလည်း ရောဂါလက္ခဏာတစ်ခုပါပဲ။ လည်ပင်းသိုင်းရွိုက်ဂလင်းကြီးလာခြင်းကြောင့် လည်ပင်းကြီးရောဂါ (Goiter) အဖြစ်မြင်တွေ့ရတတ် ပါတယ်။ အမျိုးသမီးများတွင် ရာသီစက်ဝန်း ဓမ္မတာမမှန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံသားပါးလွှာခြင်း၊ အိပ်မပျော်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
Graves’ Disease လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါတွင်တော့ မျက်လုံးပြူးထွက် လာခြင်းကြောင့် အကျည်းတန်သလို ခံစားရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါတွေမှာ အဖြစ်အများဆုံးက Graves’ Disease လို့ခေါ်တဲ့ ကိုယ့်ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို မှားယွင်းတိုက်ခိုက်မိတာကြောင့် ဟော်မုန်းတွေပိုထွက်အောင် လှုံ့ဆော်မိတဲ့ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Thyroiditis) နဲ့ သိုင်းရွိုက်အကျိတ် (Nodules) တွေကြောင့်လည်း ဟော်မုန်းတွေပိုထုတ်တာ ဖြစ်နိုင်ပါတယ်။
သွေးစစ်ဆေးခြင်းဖြင့် သိုင်းရွိုက်ဟော်မုန်းများခြင်းရောဂါကို အတည်ပြုနိုင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ကုသနည်းတွေကတော့ ဟော်မုန်း ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ဆေးဝါးများသောက်သုံးခြင်း၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (Radioactive Iodine) ဖြင့်ကုသခြင်း နဲ့ ခွဲစိတ်ကုသခြင်းတို့ပဲ ဖြစ်ပါတယ်။
-သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဟော်မုန်းအလုံအလောက် မထုတ်လုပ်နိုင်တဲ့အခါ Hypothyroidism ဖြစ်ပွားပါတယ်။ စက်အင်ဂျင် အရှိန်ကျသွားလို့ နှေးကွေးပြီး ကောင်းမွန်စွာ မလည်ပတ်နိုင်လို့ ထိခိုက်ရတဲ့ အခြေအနေမျိုးနဲ့ ဆင်တူပါတယ်။ လူခန္ဓာကိုယ် အသက်ရှင်သန်ဖို့ အရေးကြီးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးစေပြီး Hypothyroidism ရောဂါရဲ့ လက္ခဏာတွေကို ကြုံတွေ့ခံစားရပါတော့တယ်။
သိုင်းရွိုက်ဟော်မုန်းနည်းသည့်ရောဂါလက္ခဏာများမှာ အမြဲတမ်းလိုလို မလှုပ်ချင်မကိုင်ချင် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ ကိုယ်အလေးချိန် တိုးလာ ပါတယ်။ နှလုံးခုန်နှုန်းနှေးတာကို သတိထားမိတတ်ကြပါတယ်။ အအေးဒဏ်မခံနိုင်ဖြစ်ရပါတယ်။ အူလှိုင်းထလှုပ်ရှားမှုနည်းတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်းခံစားရပါတယ်။
စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ ဘယ်ကိစ္စတွေမှာစိတ်ပါဝင်စားခြင်းမရှိဘဲ ဖြစ်နေရတတ် ပါတယ်။ ဆံပင်တွေခြောက်သွေ့ခြင်း၊ ဆံပင်ကြမ်းတမ်းပြီး ကျွတ်လွယ်ခြင်းတို့လည်း ကြုံတွေ့ ရတတ်ပါတယ်။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အားနည်းခြင်းတို့ကိုလည်း ခံစားရတတ်ပါတယ်။
အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း၊ ရာသီသွေးများခြင်း၊ တို့အပြင် မျက်နှာ၊ လက်၊ ခြေထောက်များ ဖောရောင်ခြင်းကိုလည်း ဖြစ်တတ်ပါတယ်။အသံဝင်ခြင်းကဲ့သို အသံသြ အသံပြောင်းခြင်းကို သိသိသာသာခံစားရနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါတွေမှာ အဖြစ်အများဆုံးကတော့ Hashimoto’s Disease လို့ခေါ်တဲ့ မိမိကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်ပြီး တိုက်ခိုက်ဖျက်ဆီးတဲ့ ရောဂါကြောင့်ဖြစ်ပါတယ်။ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း၊ သိုင်းရွိုက်ဂလင်းခွဲစိတ်ကုသမှုခံယူထားခြင်း၊ နှင့် Hyperthyroidism အတွက်ကုသစဥ် ဆေးလွန်ကဲသွားခြင်းကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
Hypothyroidism ကိုလည်း သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ ကုသမှုကလည်း ရိုးရှင်းပါတယ်။ နေ့စဉ် Levothyroxine သိုင်းရွိုက်ဟော်မုန်းဆေးကို ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်း သောက်သုံးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဟော်မုန်းကို ပြန်လည်ဖြည့်တင်းတာဖြစ်ပါတယ်။ သွေးဖောက်စစ်ဆေးခြင်းကို အချိန်ပိုင်းခြားအလိုက် မှန်မှန်ပြုလုပ်ပြီး ဆေးပမာဏကိုချိန်ညှိ သွားရမှာ ဖြစ်ပါတယ်။
သိုင်းရွိုက်ဂလင်းတစ်ခုလုံးကြီးတာဖြစ်စေ တစ်စိတ်တစ်ပိုင်းက ပုံမှန်မဟုတ်ဘဲ ကြီးလာတာ ဖြစ်စေလည်ပင်းကြီး ရောဂါ(Goiter)ဆိုပြီး ခေါ်ပါတယ်။ လည်ပင်းအရှေ့ပိုင်းမှာ အလုံးလိုက် ဖောင်းလာတာ၊ ရောင်ရမ်းနေတာကို အလွယ် တကူသတိပြုမိနိုင်ပါတယ်။
လည်ပင်းကြီးရောဂါ ရှိနေသူတွေကိုတော့ သိုင်းရွိုက်ဟော်မုန်း များနေတယ်၊ နည်းနေတယ်လို့ တထစ်ချ ပြောလို့မရပါဘူး။ သိုင်းရွိုက်ဟော်မုန်း ပုံမှန်အတိုင်းရှိနေတဲ့သူ (Euthyroid) တွေမှာလည်း လည်ပင်းကြီးရောဂါ ဖြစ်နိုင်ပါတယ်။
အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း(Iodine Deficiency) ကအဖြစ်အများဆုံး အကြောင်းရင်းပါ။ သိုင်းရွိုက် ဟော်မုန်းထုတ်လုပ်ဖို့ အိုင်အိုဒင်းလိုအပ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့၍ ဂလင်းက ပိုပြီးအလုပ်လုပ် ရတဲ့အတွက် အရွယ်အစားကြီးလာတာ ဖြစ်ပါတယ်။
Hashimoto’s Disease နှင့် Graves’ Disease ဒီရောဂါတွေမှာ ကိုယ်ခံအားစနစ်က ဂလင်းကို တိုက်ခိုက်လှုံ့ဆော်၍ လည်ပင်းကြီးနိုင်ပါတယ်။ သိုင်းရွိုက်အကျိတ် (Nodules) တွေဟာ အရည်အိတ် (Cyst) ဖြစ်နိုင်သလို အသားလုံး (Solid) လည်း ဖြစ်နိုင်ပါတယ်။ (Solitary Nodule) အကျိတ်တစ်လုံးတည်း ဖြစ်တတ်သလို (Multinodular Goiter)အကျိတ်အများအပြားစုနေတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက် ဂလင်းထဲမှာ အကျိတ်တွေဖြစ်လာခြင်းက လည်ပင်းကြီးစေပါတယ်။
သိုင်းရွိုက်အကျိတ်အများစု နှင့် လည်ပင်းမှာဖြစ်တဲ့အကြိတ်အများစုက ကင်ဆာမဟုတ်တဲ့အကျိတ် (Benign)များဖြစ်ကြပါတယ်။ လည်ပင်းမှာ အဖုအကျိတ်စမ်းမိတိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အမင်း မစိုးရိမ်သင့်ပါ။ဆရာဝန်နဲ့ သေချာပြသပြီး ရောဂါရှာဖွေ စစ်ဆေးပါ။အကျိတ်ကြီးလာလျှင် အစာမျိုရခက်တာ၊ အသက်ရှူရခက်တာ၊ အသံပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး အာထရာဆောင်း (Ultrasound) ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ အသားစယူ၍ စစ်ဆေးခြင်း (Fine Needle Aspiration – FNA Biopsy) တွေလို လိုအပ်တာကို ပြုလုပ်ဖို့ညွှန်ကြားပေးမှာပါ။
#သိုင်းရွိုက်ကင်ဆာ (Thyrooid Cancer)
သိုင်းရွိုက်ဂလင်းရဲ့ ဆဲလ်တွေမှာ ကင်ဆာဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အဖြစ်နည်းတဲ့ ရောဂါအမျိုးအစားဖြစ်ပေမယ့် သတိ ထားရပါမယ်။ ကင်ဆာရောဂါကို စောစောသိပြီး စောစောကုပါက ပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားပါတယ်။ လည်ပင်းတွင် အချိန်တိုအတွင်း ကြီးလာသော အလုံးအကျိတ်ဖြစ်လျှင်၊ အသံဝင်ခြင်း၊ အသံပြောင်းလဲသွားခြင်း၊ လည်ပင်းနာကျင်ခြင်း၊အစာမျိုရခက်၊ အသက်ရှူရ ခက်ခြင်းတွေက သတိပြုဆင်ခြင်ရမယ့် ရောဂါလက္ခဏာတွေဖြစ်ပါတယ်။
ခွဲစိတ်ကုသခြင်းကသာ အဓိကကုသမှုဖြစ်ပြီး လိုအပ်ပါက ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ဆက်လက်ကုသနိုင်ပါတယ်။
သိုင်းရွိုက်ဂလင်းဆိုတာ ခန္ဓာကိုယ်ရဲ့ ကျန်းမာခြင်းကိုမောင်းနှင်ပေးနေတဲ့လုပ်သားလေးတစ်ခုဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းညီမျှမှုဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအရည်အသွေးအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ရောဂါတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိနိုင်ပြီး ရောဂါလက္ခဏာ တွေကလည်း ဆင်တူနိုင်ပါတယ်။ ဒါကြောင့် မိမိဘာသာ ရောဂါအမည်တပ်ခြင်းမပြုဘဲ မိမိရဲ့ လည်ပင်းမှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်၊ ဖောရောင် သတိပြုမိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးပညာအကြံဉာဏ်ကိုရယူပါ။
ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံးကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ နောက်တစ်ပတ်မှာ တော့” Buffet အစားအသောက်နှင့် ကျန်းမာရေး” ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သိုင်းရွိုက်ဟော်မုန်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)