ရေကြည်မြို့မှာ ကျောင်းဆရာမရဲ့ ဆိုင်ကယ်နဲ့ဖုန်း ဓားထောက် လုယူခံရ

ညီညီမင်း/ဧရာဝတီတိုင်းမ်

(ရေကြည်)၊ သြဂုတ်လ ၃၁ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ဒယ်ကုန်းကျေးရွာအုပ်စုအနီးမှာ သြဂုတ်လ ၃၀ ရက်နေ့မနက် ၈ နာရီခွဲအချိန်က အမျိုးသား၂ ဦး ကအလယ်တန်းပြဆရာမတစ်ဦးအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့်ဖုန်းအား လုယူကာထွက်ပြေးသွား​တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“မနက်ကျောင်းတက်ချိန်ပေါ့။ ဆရာမက

ကညင်ဂွ အ.ထ.ကကိုလာတာ။ အရင်ကလဲလာနေကြပဲ။ ဒယ်ကုန်းရွာ ရထားလမ်းအကျော်မှာ ရှေ့မှာဆိုင်ကယ်တစ်စီးက လမ်းပိတ်မောင်းနေလို့သူက အရှိန်ရှော့လိုက်တာမှာ ဆိုင်ကယ်ပေါ်ကလူကဆင်းလာပြီး ဆရာမဆိုင်ကယ်ကို တွန်းလှဲပြီး ဓါးနဲ့ထောက်ပြီး ဆိုင်ကယ်ရယ် ဖုန်းရယ်လုပြီးမောင်းပြေးသွားတာ။ အော်ရင်ဓါးနဲ့လာထိုးမယ်ပြောခဲ့လို့ တော်တော်ကြာမှာ

အော်ပြီးအကူညီတောင်းလို့ သိရတာ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဓါးထောက်လုယူသွားသူများမှာ အသက် ၄၀ နဲ့ ၁၆ နှစ် အရွယ် အမျိုးသား ၂ ဦးလို့ သိရပြီးဆရာမရဲ့ HONDA ဆိုင်ကယ်၊ Samsung လက်ကိုင်ဖုန်း နဲ့ ပိုက်ဆံအိတ်တွေကို လုယူသွားပြီး သခွတ်ကုန်းကျေးရွာဘက်ကို မောင်းနှင်သွားတာ တွေ့ရတာကြောင့် ရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့တစ်ချို့မှာသြဂုတ်လ စတင်ကာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက် အနုကြမ်းစီးခံရ မှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

#ရေကြည် #ဆရာမ #ဆိုင်ကယ် #ဓားထောက် #လုယူ

#Ayeyarwaddy_Times