ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာနှင့်မြောက်ပိုင်း ကံလှရွာအနီး PDF – Kalayတပ်ဖွဲ့ မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၂ ဦး သေ ၄ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
(ကလေး)၊ဩဂုတ်လ ၃၁ ရက်
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာအနီးတွင် ယမန်နေ့ ၂၀၂၂ခုနှစ် ၊ ဩဂုတ်လ ၂၉ရက် ည၇နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်ပါ စစ်ကြောင်းအား PDF-Kalayတပ်ဖွဲ့ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PDF – Kalay က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သည် မြောက်စည်းရွာ၏ မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးနေစဉ် PDF-Kalay မိုင်းတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့များက မြောက်စည်းရွာ၏တောင်ဘက်သို့ ဆုတ်ခွာပြေးထွက်ပြေးခဲ့ကြောင်း သိရသည်။
ဆုတ်ခွါထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောက်စည်းရဲစခန်းအနီးတွင် PDF-Kalay မိုင်းတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်း၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း PDF-Kalay တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ယနေ့ ၂၀၂၂ခုနှစ် ၊ ဩဂုတ်လ ၃၀ရက် နံနက် ၆ နာရီခန့်အချိန်တွင် ကလေးမြို့နယ်မြောက်ပိုင်း ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသောစစ်ကား ၅ စီးပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား ကံလှရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်မြောက်ပိုင်းကံလှရွာ၏ တောင်ဘက် ကျွန်းစိုက်ခင်းအနီးသို့ စစ်ကောင်စီယာဉ်တန်းရောက်ရှိလာစဉ် PDF-Kalayတပ်ဖွဲ့ နှင့် ရပ်ရွာ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များမှ အသင့်တပ်ဆင်ထားသော မိုင်းတွဲများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးမှာ လမ်းဘေးချောက်အတွင်းသို့ ထိုးဆင်းလဲကျသွားပြီး အခြား စစ်ကား၁ စီးမှာလည်း မိုင်းအပြင်းအထန်
ထိမှန်ပျက်စီးသွားကြောင်း သိရပါသည်။
မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း PDF-Kalayတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။
၂၀၂၂ခုနှစ် ၊ ဩဂုတ်လ ၂၉ရက်နေ့ နှင့်ဩဂုတ်လ ၃၀ ရက်နေ့တို့တွင် PDF-Kalayတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး အများအပြား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
#Ayeyarwaddy_Times