ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇူလိုင် ၃၀ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကာ ဆယ်ရွာမှ ဒေသခံအမျိုးသား ၃၀ ဦးထက်မနည်းကို ပြီးခဲ့သည့် ဇူလိုင်၂၂ ရက်က လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ဖမ်းဆီးသွားသည့် ဒေသခံ ၃၀ ကျော်ကို ဆယ်ရွာမှ ၁၂ မိုင်ဝန်းကျင်ဝေးသည့် မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာသို့ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

ဆယ်ရွာရှိ ဒေသခံ ၄၀ ဝန်းကျင်ကို ဖမ်းဆီးလာခဲ့စဥ် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့တွင် မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း တပ်သား ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“တပ်သား သေဆုံးတာက တပ်တွင်းသတင်းပေးနဲ့ သူတို့အလောင်း သယ်သွားတာကို တွေ့မြင်ရသူတွေရဲ့ အပြောအရပြန်သိရတယ်။ လက်ရှိထိ တိုက်ပွဲတွေဖြစ်နေတယ်။ သတင်းမထုတ်ပြန်ရတာပဲရှိတယ်။ မင်းလှဘက်က စစ်အင်အားတွေက အုတ်ဖိုဘက်ရောက်လာကြတာ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း -၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မင်းလှမြို့နယ်အတွင်းမှ စစ်အင်အားများကို အုတ်ဖိုနှင့် ကြိုပင်ကောက်မြို့နယ်များသို့ ပို့ဆောင်ထားခြင်းဖြစ်ကာ လက်ရှိတွင် အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလှည့်လည်နေကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၊ ဆယ်ရွာမှ ဖမ်းဆီးလာသည့် ဒေသခံ ၄၀ ဝန်းကျင်အနက် ခုနစ် ဦးမှာ မင်းလှ တိုက်ပွဲအပြီးတွင် ထွက်‌ပြေး လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ ဝန်းကျင်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၂၃ ရက်နေ့တွင်လည်း ကြို့ကိုးပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၂၀ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင်ပကဖ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့