ဧရာ၀တီတိုင်းမ်
(တိုကျို)၊ ဇူလိုင် ၃၀ ရက်

ရုရှားနိုင်ငံ၊ ကမ်ချတ်ကာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈.၇ မဂ္ဂနီကျူ (magnitude) ရှိသော ငလျင် လှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးက ဂျပန်ရောက် မြန်မာနိုင်ငံသားများ အတွက် သတိပေး နှိုးဆော်ထားသည်။

အဆိုပါငလျင်သည် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ကမ်းရိုး တန်းတစ်လျှောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားကြောင်း ဂျပန်မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ဆိုထားသည်။

ထို့ကြောင့် အဆိုပါဒေသများတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပေးချက်များကို အလေးထား နားစွင့်ရန်၊ ကုန်းမြင့်ဒေသများတွင် နေထိုင်ကြရန်နှင့် ဆူနာမီသတိပေးချက် ရုပ်သိမ်းခြင်း မပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းမှ ရှောင်ရှားရန် မြန်မာသံရုံးက အသိပေးနှိုးဆော် ထားသည်။