
ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဇူလိုင် ၂၆ ရက်
ချင်းပြည်နယ်သည် အာဏာသိမ်းစစ်ကောင်စီကို တူမီးသေနတ်ကိုင်စွဲ၍ အစောဆုံးတော်လှန်ခဲ့သည့်ဒေသ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဧပြီလကုန်ပိုင်းက စတင်ခဲ့သည့် ချင်းတိုင်းရင်းသားတို့၏သတ္တိပြောင်မြောက်သော ခုခံတော်လှန်မှုသည် မြန်မာ့နွေဦးတော်လှန်ရေး၏ ထင်ရှားသောသမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
ချင်းပြည်နယ်ဒေသအသီးသီးမှ ခုခံတော်လှန်မှုကြောင့် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်များ ချင်းပြည်နယ် (တောင်ပိုင်း) တစ်ခုလုံး ကင်းစင်ခဲ့ပြီး မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်၀မြို့နယ်တို့မှာလည်း စစ်ကောင်စီကင်းစင်သော လွတ်မြောက်နယ်မြေများဖြစ်ခဲ့သည်။
တော်လှန်ရေးအင်အားစုများအကြားပဋိပက္ခများ
လွတ်မြောက်နယ်မြေဖြစ်ပြီးနောက် လပိုင်းအကြာတွင် နယ်မြေစိုးမိုးထိမ်းချုပ်ရေးနှင့် နယ်မြေ အငြင်းပွားမှုများအပေါ်အခြေခံပြီး မတူပီမြို့နယ်အတွင်း၌ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) – CDF Mara နှင့် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ CDF – Mara သည် ချင်းလဲန်းကောင်စီ – CC အဖွဲ့၀င်ဖြစ်ပြီး MDF သည် ချင်းညီနောင် – CB ၏မဟာမိတ် အဖွဲ့၀င်တပ်များ ဖြစ်သည်။
ကိုယ့်လူမျိုးအချင်းချင်း စစ်ခင်းကြသည့်အတွက် နှစ်ဘက်စလုံးက တော်လှန်ရေးရဲဘော်များ ထိခိုက် ကျဆုံးကြသည်။ အရပ်သား တချို့တွေလည်း သေကြသည်။ ဘုရားကျောင်းတချို့နှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။ ဒေသခံ ပြည်သူများလည်း ပြေးရလွှားရနှင့် ထပ်မံပြီးစစ်ဘေးရှောင်ကြရသည်။
တဖန် ယခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် ချင်းပြည်နယ် (မြောက်ပိုင်း) ဖလမ်းမြို့နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့အနီး CDF ဟွားငိုးရမ်နှင့် CNDF တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ CDF ဟွားငိုးရမ်သည် CC အဖွဲ့၀င်ဖြစ်ပြီး CNDF သည် CB အဖွဲ့၀င်ဖြစ်သည်။ တနည်းအားဖြင့် CC နှင့် CB အဖွဲ့၀င်မဟာမိတ်တပ်များ ချင်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းတို့၌ အချင်းချင်း စစ်ခင်းနေကြခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်လှည့်ထားသည့် သေနတ်ပြောင်းများကို ကိုယ့်လူမျိုးအချင်းချင်းဘက် ပြန်လှည့်ပြီး အသေအကြေ တိုက်ခိုက်သတ်ဖြတ်မှုများက အင်မတန် ၀မ်းနည်းဖွယ်ရာဖြစ်သည်။ မည်သို့သော အကြောင်းပြချက်နှင့်မျှ မဖြစ်သင့်သောစစ်ပွဲများဟု စာရေးသူယူဆသည်။
ချင်းပြည်နယ်အတွက် အဓိကလုပ်ငန်းစဉ်ကြီး ၃ ရပ်
တကယ်တမ်းဆိုရလျှင် ချင်းပြည်နယ်အတွက် အဓိကဆောင်ရွက်ရမည့်လုပ်ငန်းစဥ်ကြီး ၃ ရပ်ရှိသည်ဟု စာရေးသူ ထင်သည်။ ပထမတစ်ခုက စစ်ကောင်စီလက်အောက် ကျန်ရှိနေသည့်မြို့များကို တိုက်ခိုက်သိမ်းပိုက်၍ အာဏာသိမ်း စစ်တပ်ကို ချင်းပြည်နယ်အတွင်းမှ အပြီးအပိုင် မောင်းထုတ်ရေးဖြစ်သည်။
ဒုတိယအချက်မှာ လွတ်မြောက်ပြီးသားဒေသများကို ပြန်လည်ထူထောင်ရေးဖြစ်သည်။ ချင်းလက်နက်ကိုင် တပ်များ တိုက်ရိုက်အုပ်ချုပ်သည့်အစား ပြည်သူရွေးချယ်သည့် အရပ်ဘက်အုပ်ချုပ်မှုစနစ် အကောင်အထည် ဖော်ရေး၊ တရားရေးဌာနနှင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးရုံ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်လည်ပတ်ရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်အခြေချရန် လိုအပ်သော အကူအညီများ ပေးအပ်ရေး၊ စီးပွားရေး လုပ်ငန်းများ ပြန်လည်ပတ်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်သည်ဟု မြင်သည်။
တတိယအချက်မှာ တတ်သိပညာရှင်များ၊ ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက် နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစသဖြင့် ပါ၀င်ထိုက်သူများအားလုံး ပူးပေါင်း၍ ကြားကာလအစီအမံများနှင့် ပြည်နယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲခြင်း၊ လူထုဆန္ဒခံယူခြင်း၊ အဆိုပါဖွဲ့စည်းပုံအရ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲ ကျင်းပ၍အရပ်သား ပြည်သူ့အစိုးရထံ အာဏာအပ်နှင်းခြင်းနှင့် ချင်းလက်နက်ကိုင် အဖွဲ့များ လက်နက်စွန်ံ၍ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းခြင်း စသည့်လုပ်ငန်းစဥ် တွေဟု ယူဆမိသည်။
ဤသည်က စာရေးသူ၏အမြင်သာဖြစ်သည်။ လိုအပ်ချက်များလည်း ရှိနိုင်သည်။ အသေးစိတ် လုပ်ငန်းစဥ်များကို နိုင်ငံရေးဆိုင်ရာပညာရှင်များနှင့်တိုင်ပင်နှီးနှော၍ ဆောင်ရွက်ကြဖို့ဖြစ်သည်။ အဓိက ဆိုလိုရင်းက စစ်အာဏာရှင်လုယူသွားသောအာဏာကို ပြည်သူ့လက်ထဲ ပြန်ထည့်ပေးဖို့ဖြစ်သည်။
ကိုယ့်ပြည်နယ်လွတ်မြောက်ရေး ကိုယ်တိုင်တိုက်ယူ၊ ကိုယ်တိုင်ဥပဒေဆွဲပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရဖို့ကိစ္စက CC ဖြစ်စေ CB ဖြစ်စေ တစ်စုတစ်ဖွဲ့ထဲ လုပ်လို့ရသည့်ကိစ္စမဟုတ်၊ ချင်းညီအစ်ကိုအားလုံး အတူတကွစုပေါင်း၍ညီညွတ်စွာဆုံးဖြတ် ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်။ အဘယ့်ကြောင့် အချင်းချင်းစစ်ခင်းနေကြသနည်း။
ချင်းပြည်နယ်၏ အနာဂတ်အတွက် သတိချပ်ဖွယ်ရာများ
ယခုကာလသည် ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းလက်ထက်ကစခဲ့သည့် စစ်အာဏာရှင်သက်တမ်းတလျှောက် မြန်မာစစ်တပ်၏အင်အားအချည့်နဲ့ဆုံး၊ အဆိုးရွားဆုံးကာလဖြစ်သည်။ ဤအချက်ကို အခွင့်ကောင်းယူ၍ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသောချင်းပြည်နယ်ကို ချင်းခေါင်းဆောင်များ အတူတကွ ထူထောင်ကြဖို့ လိုသည်။
နိုင်ငံရေးလောဘတွေ၊ အတ္တတွေ၊ ဒေါသတွေ လျှော့ကြဖို့လိုသည်။ အလွန်ကြောက်ဖို့ကောင်းသည့် အာဏာရူးသောစိတ်ဓာတ်တွေ ဖျောက်ဖို့လိုသည်။ စစ်ဘုရင်လုပ်ချင်စိတ်၊ အာဏာရှင်လုပ်ချင်စိတ်တွေကို ချိုးနှိမ်ဖို့လိုသည်။ လူမျိုးစွဲ၊ ဒေသစွဲအမြင်ကိုဖျောက်၍ နိုင်ငံရေးအမြင်ကျယ်ဖို့လိုသည်။ ပြည်သူ့မျက်နှာကို ထောက်၍ နိုင်ငံရေးသဘောထားကွဲမှုကို ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာ ဖြေရှင်းကြဖို့လိုသည်။
အရေးအကြီးဆုံးအချက်မှာ တော်လှန်ရေး၏ပကတိ အနေအထားကို သုံးသပ်ပြီး နောင်လာနောက်သား ချင်းမျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်အနာဂတ်ကို အတူတကွ ဖန်တီးပေးကြဖို့လိုသည်။
“ငါ အာဏာရဖို့၊ ငါ့လူမျိုးက ချင်းတပြည်နယ်လုံးကို အုပ်ချုပ်ဖို့ လုပ်ရမည့်အချိန်မဟုတ်၊ ချင်းညီအစ်ကိုများ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ချင်းပြည်နယ်ကို အတူတကွစုစည်းထူထောင်ရမည့်အချိန် ဖြစ်သည်။”
ထိုသို့မဟုတ်ဘဲ လူမျိုးစွဲ၊ ဒေသစွဲစိတ်ဖြင့် ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်နေကြလျှင် ဤဒေသတွင်း စစ်မီးသည် နောင်နှစ်ပေါင်းများစွာတိုင် အငြှိုး၊ အာဃာတများဖြင့် တဟုန်းဟုန်း တောက်လောင်ကာ မြန်မာနိုင်ငံ၏အဆင်းရဲဆုံးဖြစ်သောချင်းပြည်နယ်ကို ယခုထက်ပို၍ ကြေမွပျက်စီးစေလိမ့်မည်ဖြစ်သည်။
ချင်းပြည်နယ် အလုံးစုံလွတ်မြောက်ရေး၊ ကိုယ်ပိုင် ပြဌာန်းအုပ်ချုပ်ခွင့်ရရှိရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် လုပ်စရာအလုပ်များ တပုံတပင် တန်းစီနေသည်။ ထို့ကြောင့် အဓိပ္ပါယ်မဲ့သောစစ်ပွဲများဖြင့် ကိုယ့်ချင်းလူထုကိုကာကွယ်ရမည့်အင်အားများကို မဖြုန်းတီးသင့်ချေ။
ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏အကြမ်းဖက်စစ်တပ် နလန်ပြန်ထူလာမှုကိုလည်း အထူး သတိထားသင့်သည်။ စစ်ကောင်စီတပ်များသည် ယခုလအတွင်း ရှမ်းပြည်နယ်မှ မိုးဗြဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းမှ သပိတ်ကျင်းမြို့များကို ပြန်လည်သိမ်းယူထိမ်းချုပ်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်မှ ၄င်းတို့လက်လွှတ်ခဲ့ရသောမြို့များကို ပြန်လည်သိမ်းပိုက်ရန် မကြာသောအချိန်ကာလတစ်ခုတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်ချေရှိနေသည်။ ကိုယ့်အချင်းချင်း တိုက်ခိုက်နေလျှင့် ရန်သူစစ်ကောင်စီတပ်ကို မည်သို့ခုခံကြမည်နည်း။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ချင်းတွေသွေးကွဲလေ၊ အချင်းချင်းသတ်လေ ကြိုက်လေဖြစ်သည်။ ကိုယ့်အချင်းချင်းတိုက်၍ ငွေကြေး၊ လူသူ၊ လက်နက်အင်အားများ ဆုတ်ယုတ်ချိန်တွင် စစ်ကောင်စီက တစ်ဖွဲ့ချင်းစီကို ချေမှုန်းဖျက်ဆီးပစ်နိုင်သည်ကို အထူးသတိချပ်သင်သင့်သည်။
ဗမာလူမျိုးကြီး၀ါဒ ကိုင်စွဲထားသည့်စစ်အာဏာရှင်တို့သည် လူနည်းစုတိုင်းရင်းသားများအပေါ် အမြဲတစေ အနိုင်ကျင့်၊ ဖိနှိပ်ချုပ်ချယ်ကာ ပေးတာယူ၊ ကျွေးတာစား ခိုင်းတာလုပ်ဟူသော စစ်ကျွန်ဘ၀ဖြင့် ထားခဲ့သည်မဟုတ်လော။ ချင်းတွေ မညီညွတ်လျှင် ထိုသို့သော စစ်ကျွန်ဘ၀မှ ဘယ်သောအခါမျှ လွတ်မြောက်မည်မဟုတ်ပေ။
နိုင်ငံရေးပြဿနာဟူသည်က အမေရိကန်လို ကမ္ဘာ့ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံမှာပင် ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ ချင်းပြည်နယ်ကဲ့သို့ မတူညီသောမျိုးနွယ်စုအများအပြား စုစည်းနေထိုင်သည့်ဒေသတွင် ပြဿနာတွေက အစုလိုက်အပြုံလိုက်ရှိနေမည်မှာ သေချာသည်။ အဓိကက တတ်သိပညာရှင်များ၏ အကူအညီဖြင့် နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့သာဖြစ်သည်။
ထိုသို့ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးကို သြဇာတိက္ကမရှိသော ချင်းအရပ်ဘက် ခေါင်းဆောင်များနှင့် ချင်းလူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်သည်။ ချင်းမီဒီယာများကလည်း သူ့ဘက်ကိုယ့်ဘက်မခွဲဘဲ ၀ိုင်း၀န်းတိုက်တွန်း ဖိအားပေးကြဖို့ အထူးလိုအပ်သည်။
“ချင်းလူမျိုးများ မညီညွတ်သရွေ့ ချင်းပြည်နယ်သည် ဘယ်သောအခါမျှ လွတ်မြောက်မည်မဟုတ်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရလိမ့်မည်မဟုတ်ဘဲ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်ရသော သူတပါးကျွန်ဘဝဖြင့်သာ ရှင်သန်ကြရမည်”ဟူသောစကားကို ချင်းတော်လှန်ရေးခေါင်းဆောင်များထံ စကားလက်ဆောင်ပါးလိုပါသည်။
နိဂုံးချုပ်အနေဖြင့် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်အပြည့်အ၀ရှိသော အနာဂါတ်ချင်းပြည်နယ်တည်ဆောက်ရေး အတွက် အမှန်တကယ် လိုအပ်နေသည့် ချင်းတမျိုးသားလုံးညီညွတ်ရေးကို ချင်းခေါင်းဆောင်များ အမြှော်အမြင်ကြီးစွာ တည်ဆောက်နိုင်ကြပါစေဟု စာရေးသူ အလေးအနက် ဆန္ဒပြုပါသည်။
(ဆလိုင်းသန့်စင်သည် လုပ်သက်ရင့် သတင်းစာဆရာတစ်ဦးဖြစ်ပြီး သတင်းဆောင်းပါးနှင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင်ဆောင်းပါးများအား အစဉ်တစိုက် ရေးသားနေသူဖြစ်သည်။ သူသည် Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်။)