ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင် ၂၆ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ပြင်းထန်သောတိုက်ပွဲများကြောင့် မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီး အသုံးပြုမှုကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပုလောမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက် မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မဟာမိတ်တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီ) ဘက်က ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် နေတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်နစ်နာမှုမရှိရအောင် မြိတ်-ပုလောလမ်းပိုင်း ကို ပိတ်လိုက်ရပါတယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လမ်းပိတ်လိုက်ရသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့ပြီး အချို့ယာဉ်မောင်းများမှာ လမ်းပိတ်ထားခြင်းကိုသိ၍ နောက်ကြောင်းလှည့် ပြန်သွားသည်များလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက စစ်ကောင်စီတပ်စခန်းများ အနီး နေထိုင်ကြသည့် ပြည်သူများကို နေအိမ်များမှထွက်ခွာ၍ လုံခြုံသည့်နေရာများသို့ အမြန်ဆုံး တိမ်းရှောင် ရန် သတိပေးထားသည်။

ထို့အပြင် နေအိမ်များအတွင်း ပိတ်မိနေပါကလည်း ကျည်ကွယ် မျက်ကွယ်နေရာများတွင် တတ်နိုင် သလောက် လုံခြုံစွာနေထိုင်ကြရန် အကြံပြုထားသည်။

လမ်းပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ နောက်ထပ်ထုတ်ပြန်ချက် ထပ်မံမထုတ်ပြန်မီအချိန်အထိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-ပုလောလမ်းပိုင်းကို အသုံးပြု၍ ခရီးသွားလာခြင်း လုံးဝမပြု လုပ်ရန် လည်း အသိပေးထားသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း။