ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ထိုင်းနိုင်ငံ၊ ဆူရင်းပြည်နယ်ရှိ တမူးတုံဘုရားကျောင်း အနီးတွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များနှင့် ထိုင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား နှစ် ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားဘက်မှ RPG (ဒုံးကျည်ပစ်လောင်ချာ) များနှင့် လက်နက်ကြီးကျည်များဖြင့် ထိုင်းနယ်စပ်ကို ကျော်လွန်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းတော်ဝင်ကြည်းတပ်၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရစ်ချာ ဆုခ်ဆူဝမ်နွန် က အတည်ပြုခဲ့သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် စီဆာကတ်ပြည်နယ်ရှိ ပရာ့ဗီဟီယာဘုရားကျောင်း အထိ ရောက်ရှိ ခဲ့ပြီး ကမ္ဘောဒီးယားဘက်မှ BM21 ဒုံးကျည်များအပါအဝင် လက်နက်မျိုးစုံကို အသုံးပြုခဲ့သည်ဟု ဗိုလ်မှူးကြီး ရစ်ချာ ဆုခ်ဆူဝမ်နွန်က ပြောကြားခဲ့သည်။

ထိုင်းတပ်ဖွဲ့ဝင်များကမူ ၎င်းတို့၏ နယ်စပ်ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားသည့် စီမံချက်နှင့်အညီ စစ်မြေပြင်သုံး လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် အဓိကနေရာများမှာ တမူးတုံဘုရားကျောင်း၊ တာခွိုင်ဘုရားကျောင်း၊ ချောင်ဘောက်၊ ပရာ့ဗီဟီယာ၊ ချောင်အန်မာနှင့် ချောင်ချွမ် တို့ဖြစ်ကြောင်း သိရသည်။

ကိုးကား-The Nation Thailand