စစ်ကိုင်းမြို့နယ်အတွင်းက ရွာတချို့ကို ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ်များက မီးရှို့လို့ နေအိမ် အများအပြား ပျက်စီး

ညိမ်းသော်/ဧရာဝတီတိုင်းမ်

(စစ်ကိုင်း) သြဂုတ် ၃၁ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာအပါ အဝင် ကျေးရွာတချို့အား ပျူစောထီးနှင့်စစ်ကောင်စီပူးပေါင်းတပ်များက သြဂုတ်လ ၂၉ ရက် မနက်အစောပိုင်းက ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ကြွယ်ပုံရွာတွင်အခြေပြုထားသည့် ပျူစောထီးနှင့်စစ်ကောင်စီပူးပေါင်းတပ်များကတောင်မြို့ရွာ အတွင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီးမီးရှို့ခဲ့သဖြင့် နေအိမ် ၃၇ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်းဒေသခံတဦးကပြောသည်။

“သူတို့ ၂၉ ရက် မနက် ၆ နာရီခွဲမှာလာပြီး ရွာကို လတ်နက်ကြီးတွေနဲ့ပစ်ပြီးဝင်လာကြတာ။စကစနဲ့ ပျူစောထီးတွေက အင်အား ၇ဝကျော်လောက်ရှိတယ် ဝင်လာပြီးဘာမှမပြောပဲ ရွာကအိမ်တွေကိုမီးရှို့တယ် ။ရွာသူရွာသားတွေ အကုန်ပြေးတော့တာပဲ ထွက်ပြေးတဲ့သူတွေကို သေနတ်နဲ့လိုက်ပစ်တယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကိုပစ်သတ်ခဲ့ပြီး ဒေသခံ ၂၀ ကျော်ကိုဖမ်းဆီးထားကြောင်း ၄င်းကဆက်လက်ပြောသည်။

အဆိုပါ ပျူစောထီးနှင့်စစ်ကောင်စီပူးပေါင်းတပ် သည် ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တောင်ကြားကျေးရွာကိုဝင်ရောက်၍ ဆက်လက် မီးရှို့ခဲ့သဖြင့် တောင်ကြားရွာ၏ နေအိမ်တဝက်ခန့်မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ – တောင်ကြားရွာမှနေအိမ်များမီးရှို့ခံထားရစဥ်။

#AyeyarwaddyTimes