ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ရန်ကုန်မြို့လယ်မှာ ခံ့ညားထည်ဝါစွာ တည်ရှိတဲ့ အတွင်းဝန်ရုံး (ယခု ဝန်ကြီးများရုံး) ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းသက်သေ အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီခေတ်ရဲ့ အုပ်ချုပ်ရေး စနစ် လည်ပတ်ရာဌာနအဖြစ် ရပ်တည်ခဲ့သလို ၁၃၀၀ ပြည့်နှစ် ရေနံမြေအလုပ်သမား အရေးတော်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီး ကိုး ဦး လုပ်ကြံခံရမှု၊ လွတ်လပ်ရေးကြေညာ စာတမ်း ဖတ်ကြားခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွှတ်တော်အစည်းအဝေး ခေါ်ယူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဗြိတိသျှဗိသုကာလက်ရာ ​U(မြင်းခွာ)ပုံစံ ဒီအဆောက်အအုံကြီးဟာ မြန်မာနိုင်ငံရဲ့ ကိုလိုနီခေတ်ကို ထင်ဟပ်နေတဲ့ သက်သေခံတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီသမိုင်းဝင်နေရာဟာ ယနေ့ခေတ်မှာတော့ သမိုင်းအမွေအနှစ်ထက် စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်ရာ၊ စားသောက်ဆိုင်တန်းတွေနဲ့ ပြပွဲတွေ ကျင်းပရာနေရာတစ်ခုလို ဖြစ်လို့နေပါပြီ။

အတွင်းဝန်ရုံးဟာ မြန်မာနိုင်ငံရဲ့ အဓိကသမိုင်းမှတ်တိုင်ကြီးတွေကို ဖြတ်သန်းခဲ့တဲ့ နေရာတစ်ခုပါ။ ကိုလိုနီခေတ် ဗြိတိသျှအစိုးရလက်ထက် ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဗြိတိသျှအင်ဂျင်နီယာချုပ် Henry Hoyne-Fox က ဗစ်တိုးရီးယန်းစတိုင်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မြေဧက ၁၆ ဧက ကျယ်ဝန်းပြီး ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးဌာနချုပ်အဖြစ် လည်ပတ်ခဲ့ပါတယ်။

ဒီနေရာမှာပဲ မြန်မာ့သမိုင်းရဲ့ အရေးအကြီးဆုံးနေ့ဖြစ်တဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် မှာ လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း နဲ့ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး တို့ လုပ်ကြံခံခဲ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူကာ အခမ်းအနားတွေ ကျင်းပပါတယ်။

ဒါ့အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံတော်အလံကို ပထမဆုံးအကြိမ် လွှင့်တင်ခဲ့တဲ့နေရာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့တဲ့ သမိုင်းဝင်နေရာဟာလည်း အတွင်းဝန်ရုံးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး လွှတ်တော်အဆောက်အအုံဟာလည်း အတွင်းဝန်ရုံးထဲမှာပဲ ရှိနေပြီး လွတ်လပ် ရေးရပြီးနောက်ပိုင်းမှာတော့ အတွင်းဝန်ရုံးကနေ ဝန်ကြီးများရုံးအဖြစ် အမည်ပြောင်းလဲကာ အစိုးရ လုပ်ငန်းများ ဆက်လက်လည်ပတ်ခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ရှေ့ပြေးအရေးတော်ပုံလို့ ပြောရမယ့် ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမားအရေးတော်ပုံ ဟာလည်း ဒီအတွင်းဝန်ရုံးနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ၁၉၃၈ ဒီဇင်ဘာ ၂၀ တွင် ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံ ကျောင်းသား ထုက အတွင်းဝန်များရုံး (ယခု ဝန်ကြီးများ ရုံး) ကို ဝိုင်း၍ သပိတ်တား ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂၂ တွင် ဂျပ်ဆင်ကောလိပ် ကျောင်းသား ကိုအောင်ကျော်သည် အတွင်းဝန်များရုံး ဝိုင်း၍ သပိတ်တား ဆန္ဒပြစဉ် မြင်းစီးပုလိပ် များ၏တုတ်ဖြင့် ရိုက်နှက်မှုဒဏ်ရာ များကြောင့် ကျဆုံးခဲ့ရပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ အတွင်းဝန်ရုံးရဲ့ အနောက် ဘက်လမ်းကို ဗိုလ်အောင်ကျော်လမ်း အဖြစ် ပြောင်းလဲခဲ့ပါတာလည်း သမိုင်းရဲ့ သက်သေတစ်ခုပါပဲ။

ယခု လက်ရှိကာလမှာတော့ အတွင်းဝန်ရုံးရဲ့ ပုံရိပ်ဟာ သမိုင်းဝင်အမွေအနှစ်ထက် စီးပွားရေး လုပ်ငန်းတွေနဲ့ ပိုမိုဆက်စပ်နေတာကို တွေ့ရပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ တစ်ရက်တည်းသာ အာဇာနည် နေ့အခမ်းအနားအဖြစ် ကျင်းပပြီး ကျန်တဲ့အချိန်တွေမှာ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်ရာ၊ ပြပွဲအမျိုးမျိုး ကျင်းပရာ၊ စားသောက်ဆိုင်တန်းနေရာတစ်ခုလို ဖြစ်လို့နေပါတော့တယ်။

အတွင်းဝန်ရုံး ပရဝုဏ်အတွင်းမှာ Flamez BBQ အကင်ဆိုင်၊ Heritage Market (အမွှေးနံ့သာနဲ့ မြန်မာ့လက်မှုပစ္စည်းတွေ ရောင်းချတဲ့ဆိုင်)၊ ပန်းချီပြခန်း၊ စာအုပ်ဆိုင်၊ စာသင်ကျောင်း၊ လက်ဖက်ရည်ဆိုင် ၊ KFC ကြက်ကြော်ဆိုင်၊ ရခိုင်ရိုးရာစားသောက်ဆိုင်၊ အိန္ဒိယ အစားအစာဆိုင်၊ မြန်မာထမင်းဆိုင်၊ ဝက်အထူးပြုစားသောက်ဆိုင် နဲ့ ဥရောပစတိုင်စားသောက်ဆိုင်တွေ အများအပြား ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။

ရုံးပိတ်ရက်တွေမှာ အလည်အပတ် ရောက်တဲ့သူတွေ စည်ကားနေတဲ့ ပျော်တော်ဆက်ရာ တစ်ခုလို ဖြစ်နေတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

“အတွင်းဝန်ရုံးက စားသောက်ဆိုင်တန်းကြီး ဖြစ်နေတယ်။ အတွင်းဝန်ရုံးရောက်ဖူးတဲ့ ကလေး တွေကတော့ မိဘကပြောပြလို့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့နေရာဆိုတာ သိတယ်။ လူငယ် လူရွယ်တွေတော့ သမိုင်းသိသေးရဲ့လား မသိဘူး” လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက လက်ရှိ အခြေ အနေအပေါ် သုံးသပ်ပြောဆိုပါတယ်။

ယခင်က အတွင်းဝန်ရုံးကို အခကြေးငွေ ပေးစရာမလိုဘဲ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပေမယ့် ယခုနှစ် ၂၀၂၅ ခုနှစ်ကစပြီး Asia Tour Myanmar ဆိုတဲ့ ခရီးသွားလုပ်ငန်းတစ်ခုက လူကြီးတစ်ယောက်ကို ၃,၀၀၀ ကျပ်၊ ကလေးတစ်ယောက်ကို ၁,၀၀၀ ကျပ်နဲ့ ရှင်းပြခေါ်ဆောင်နေတယ်လို့ သိရပါတယ်။ ယခင်က ၁,၀၀၀ ကျပ်နဲ့ သတ်မှတ်နေရာများကိုသာ သွားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း အတွင်းဝန်ရုံးထဲမှာရှိတဲ့ စားသောက်ဆိုင်တွေဟာ အာဇာနည်နေ့ ကျင်းပဖို့အတွက် ဆိုင် ၃ ရက် ပိတ်ခဲ့ရပါတယ်။ အခု ၂၀၂၅ ခုနှစ်၊ အာဇာနည်နေ့ အခမ်းအနားအတွက်တော့ ဆိုင် ၆ ရက်အထိ ပိတ်ထားရတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဇာနည်နေ့မတိုင်ခင် တစ်ရက်မှာ အတွင်းဝန်ရုံးကို သွားရောက်ကြည့်ရှုပြီး “ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့ နေရာကို အရင်အတိုင်း ခင်းကျင်းပြသရန် လိုအပ်တယ်။ အဲ့ဒါအပြင် သမိုင်းအထောက် အထားဓာတ်ပုံ တွေကို ပုံစာနဲ့ညွှန်းဖို့လိုတယ်။ သမိုင်းအထောက်အထား ဓာတ်ပုံ တွေလည်း ထပ်မံပြုစု ခင်းကျင်း ပြသသွားရန်လိုတယ်” လို့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသမိုင်းပညာရှင်များအဖွဲ့ဝင် သမိုင်းဆရာတစ်ဦးက လက်ရှိ အတွင်းဝန်ရုံးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အတွင်းဝန်ရုံးက အထင်ကရ သမိုင်းဝင်နေရာဖြစ်တယ်။ အခုတော့ ကိုယ်တွေလည်းမရောက်တာ ကြာပြီ။ ရုပ်ရှင်ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ အများဖြစ်နေတယ်လို့ ပြောတယ်။ ပြောရမယ်ဆိုရင် သမိုင်းတန်ဖိုးရဲ့ ပုံရိပ်ကို လျော့ကျစေတယ်” လို့ ၎င်းက ဆိုပါတယ်။

နှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေး သမိုင်းအလှည့်အပြောင်းတွေကို ဖြတ်သန်းလာခဲ့တဲ့ အတွင်းဝန် ရုံးကြီးဟာ ယနေ့မှာတော့ အာဇာနည်နေ့ တစ်ရက်တာအတွက်သာ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် ရပ်တည်နေသလို ဖြစ်နေပါပြီ။ ကျန်တဲ့ရက်တွေမှာတော့ စားသောက်ဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေသာ လွှမ်းမိုးနေတာ တွေ့ရပါတယ်။

“အတွင်းဝန်ရုံးက မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်တဲ့နေရာဖြစ်တယ်။ တစ်အချက် တစ်နိုင်ငံလုံးကို ဗြိတိသျှအစိုးရအုပ်ချုပ်တဲ့နေရာ၊ နောက် ၁၃၀၀ ပြည့်အရေးတော်ပုံလှုပ်ရှားမှုတွေ၊ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရတယ်။ လွှတ်တော်အဆောက်အအုံနဲ့ လွတ်လပ်ရေးကြေညာခဲ့တဲ့ နေရာ ဖြစ်တယ်။ အဲ့ဒါတွေက သမိုင်းဝင်အကြောင်းအရာတွေ၊ သမိုင်းဝင်နေရာတွေ။ အဲဒီလိုနေရာမှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ သီချင်းဆိုတာတွေနဲ့ ဘယ်လိုမှ မဖြစ်သင့်ဘူး” လို့ သမိုင်းဆရာက ပြတ်ပြတ်သားသား ထပ်မံ ပြောဆိုပါတယ်။

လက်ရှိမှာ အတွင်းဝန်ရုံးကို ဦးစီးနေတဲ့ အနော်မာကုမ္ပဏီ ဟာ ၂၀၁၅ ခုနှစ်မှာ ရန်ကုန်တိုင်း အစိုးရဆီကနေ နှစ် ၅၀ စာချုပ်ချုပ်ဆိုပြီး နိုင်ငံတကာအဆင့်မီပြတိုက်အဖြစ် ပြင်ဆင်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

အနော်မာကုမ္ပဏီပိုင်ရှင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) အဖွဲ့ဝင်ဝန်ကြီး ဟောင်း ဗိုလ်ချုပ်ထွန်းကြည် (အငြိမ်းစား) ဖြစ်ပါတယ်။ အတွင်းဝန်ရုံးကို ငှားရမ်းခွင့်ရတဲ့ ၂၀၁၅ ခုနှစ်မှာပဲ ပါတီပွဲ တစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီပါတီပွဲဟာ သူရဲ့သမီး မသီသီထွန်းမွေးနေ့ပွဲဖြစ်တယ်လို့ ဆိုကြပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ အာဇာနည်ပြတိုက်အဖြစ်ဖွင့်လှစ်ဖို့ အတွင်းဝန်ရုံးအဆောက်အအုံကို ပြုပြင် တယ်လို့ ပြောကြားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ အနော်မာကုမ္ပဏီက ငှားရမ်းခ နှစ်နှစ်စာ မပေးသေး တာအပြင် အခွင့်ထူးခံစာချုပ် ချုပ်ထားတဲ့အကြောင်း ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းစာရင်း စစ်ချုပ်က ဖော်ထုတ်ခဲ့ပါသေးတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ အနော်မာကုမ္ပဏီဟာ စာချုပ်ပါ ကတိကဝတ် တွေအတိုင်း ဆက် လက် လုပ်ဆောင်တာတွေ ရှိ၊ မရှိ မသိရှိရသေးပါဘူး။

“အတွင်းဝန်ရုံးက မြန်မာ့သမိုင်းဝင်နေရာဖြစ်တဲ့အတွက် သမိုင်းကိုတန်ဖိုးထားတဲ့အနေနဲ့ သီးခြား အဆောက်အအုံပဲ ထားသင့်ပါတယ်။ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် သမိုင်းမှတ်တမ်းနဲ့ ပတ်သက်တဲ့ ပြတိုက်တစ်ခုအဖြစ်ထားစေချင်တယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးပြတိုက် အဖြစ် ထားလိုက်ရင် ပိုကောင်းတယ်” လို့ မြန်မာ့သမိုင်းပညာရှင်ကဆိုပါတယ်။